ပွင့်ဖြူမြို့နယ်၌ အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှု ၇၀ ရာခိုင်နှုန်းခန့် တည်ဆောက်ပြီးစီးနေပြီဖြစ်

ပွင့်ဖြူ    စက်တင်ဘာ      ၆

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာများနှင့် အခြားသော နာမကျန်းလူနာများအတွက် အောက်ဆီဂျင် လိုအပ်ချက်အခက်အခဲ မဖြစ်စေရေးအတွက် မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်သမ္မာဆန္ဒကရုဏာရှင်များ နာမှုကူညီရေး အသင်းနှင့် မြို့မိမြို့ဖများ ပူးပေါင်း၍ ပွင့်ဖြူမြို့ ၊ သက်တော်ရှည်ရပ်ကွက်ရှိ စကားဝါလမ်းထောင့်နှင့် အင်ကြင်းလမ်းထောင့်ရှိ မြေကွက်တွင် အောက်ဆီဂျင်စက်ရုံ အကောင်အထည်ဖော် တည်ဆောက်လျက်ရှိရာ ယခုအခါ ၇၀ ရာခိုင်နှုန်းခန့် တည်ဆောက် ပြီးစီးနေပြီဖြစ်ကာ စက်တင်ဘာဒုတိယပတ်တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း  အဆိုပါ အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးအဖွဲ့မှအဖွဲ့ဝင် ဦးအောင်မျိုးဆက် ထံက သိရသည်။

အဆိုပါ အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှုအခြေအနေအား ယနေ့ နံနက်ပိုင်းက  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာများနှင့် အခြားနာမကျန်း လူနာများအတွက် ဆောက်လုပ် နေသည့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်း(၇၀)ရာခိုင်နှုန်း တည်ဆောက်ပြီးစီးမှုအခြေအနေနှင့်  သတ်မှတ် စံချိန်စံညွှန်း များနှင့် အညီ တည်ဆောက်ပြီးစီးနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ အကောင်အထည်ဖော် တည်ဆောက်နေသည့် အောက်ဆီဂျင်စက်မှာ 30 Nm3/h အမျိုးအစားဖြစ်ပြီး တစ်ရက်လျှင် ၄၀ လီတာ အောက်ဆီဂျင်အိုး အလုံးရေ ၁၂၀ ခန့် ထွက်ရှိမည်ဖြစ်ကြောင်း၊ ယင်း အောက်ဆီဂျင်စက်အား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးခြင်းဖြစ်ကာ စက်တန်ဖိုးအနေဖြင့် ငွေကျပ် သိန်း ၉၀၀ ကျော် ရှိကြောင်း ၊  လိုအပ်သော စက်ရုံတည်ဆောက်ခြင်းနှင့် အခြားစပ်ဆက်လုပ်ငန်းများကို မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်သမ္မာဆန္ဒ ကရုဏာရှင်များနာမှုကူညီရေးအသင်းနှင့် မြို့မိ မြို့ဖများ ပူးပေါင်း၍ အကောင်အထည်ဖော် တည်ဆောက်နေခြင်းဖြစ်ပြီး စက်ရုံတည်ဆောက်ခြင်းအတွက် ခန့်မှန်း ကုန်ကျငွေကျပ် သိန်း ၇၀၀ ခန့် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ပံ့မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ပြီးစီးပါက တစ်ရက်လျှင် ၄၀ လီတာ အောက်ဆီဂျင်အိုး အလုံးရေ ၁၂၀ ခန့် ထုတ်လုပ်ရရှိမည်ဖြစ်သဖြင့် မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာများနှင့် အခြား နာမကျန်းလူနာများအတွက် လိုအပ်သော အောက်ဆီဂျင်အား အဆင်ပြေချောမွေ့စွာ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း အဆိုပါ အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဝမ်းထံမှ သိရသည်။ 

ရဲဝင်းနိုင် (ညောင်ဦး)