ဇလွန်မြို့နယ်တွင် မြစ်ကမ်းတစ်လျှောက်နေထိုင်ကြသည့်ပြည်သူများအား မြစ်ရေကြီးခြင်း အန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ကူညီနိုင်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြ

ဇလွန် စက်တင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ်တွင်မြစ်ကမ်းတစ်လျှောက်တွင် နေထိုင်ကြသည့် ပြည်သူများအား မြစ်ရေကြီးခြင်း အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေး နှိုးဆော်ခြင်းနှင့်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ကူညီနိုင်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါအသိပေးနှိုးဆော်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ကူညီနိုင်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်းကို မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးရန်လင်းထွဋ် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ၊ ပရဟိတအဖွဲ့ဝင်များ ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ အသိပေးဆောင်ရွက်ခဲ့ကြပြီး ဧရာဝတီမြစ်ရေသည်စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနေသဖြင့် မြစ်ကမ်းနီးနေထိုင်သော ပြည်သူများအား မြစ်ရေကြီးခြင်းသတင်းကို အမြဲနားထောင်ရန်၊ ရေလွှမ်းရာ ကမ်းပါးရှိနေရာများကို လမ်းလျှောက်သွားလာခြင်းမပြုရန် ၊ ဝမ်းရောဂါကာကွယ်ရေးအတွက် ရေကိုကြိုချက်ပြီး သောက်သုံးရန်၊ ထိခိုက်ပျက်ဆီးမှုအခြေအနေအား စာရင်းပြုစုပြီး ကယ်ဆယ်ရေး၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို အားလုံးနှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်စသည့် အချက်များကိုပြည်သူများ သိရှိစေရန်အသိပေးနှိုးဆော်ခဲ့ကြပြီး အရေးပေါ်ရှာဖွေရေး အထောက်အကူပြုပစ္စည်းများဖြင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရသည့် လူများရှာဖွေကယ်ဆယ်ခြင်း ၊ ဒဏ်ရာရလူနာအားရှေးဦးသူနာပြုစုနည်းများဖြင့် အရေးပေါ်ကုသခြင်းတို့ကို ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခဲ့ကြပြီး အဆိုပါအသိပေး နှိုးဆော်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးဝင်းလွင်ဦးနှင့် အဖွဲ့ဝင်များက ကြည့်ရှုခဲ့ကြောင်း သိရသည်။

ဝေယံ -  ဇလွန် (ပြန် / ဆက်)