မိုးညိုမြို့နယ်တွင် ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှု ဖြစ်ပွားသဖြင့် လူနေအိမ်များဖျက်၍ ကမ်းလွတ်ရာသို့ပြောင်းရွှေ့

မိုးညို   စက်တင်ဘာ   ၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ရှားတောကျွန်းအုပ်စု၊ ရှားတောကျွန်းကျေးရွာ အောင်မင်္ဂလာအပိုင်းတွင် ယမန်နေ့က ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါး ပြိုကျမှု ဖြစ်ပွားခဲ့ပြီး နေအိမ်များအားဖျက်၍ ကမ်းလွတ်ရာသို့  ကြိုတင်ပြောင်းရွှေ့ခဲ့ကြောင်း  သိရသည်။

မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးအနီး နေထိုင်သော လူနေအိမ် (၁၃)လုံး၊ အိမ်ထောင်စု (၁၃)စု၊ ကျား(၂၅)ဦး၊ မ(၂၃)ဦး၊ စုစုပေါင်း၄၈)ဦးတို့အား နေအိမ်များ ပြန်လည် မတည်ဆောက်နိုင်သောအချိန်ထိ ရှားတောကျွန်းမက(ခွဲ) စာသင်ကျောင်းနှင့် အောင်မင်္ဂလာဓမ္မာရုံများတွင် ယာယီပြောင်းရွှေ့ပေးခဲ့ကြသည်။ မြစ်ကမ်းပါး ပြိုခြင်းကြောင့် နေအိမ်များ ကြိုတင်ပြောင်းရွှေ့ခြင်းဖြစ်သဖြင့် ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရသည်။

အဆိုပါ နေအိမ်များ ပြောင်းရွှေ့ခြင်းအား ရှားတောကျွန်းအုပ်စု၊ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဆင်မနိုင် ရဲစခန်းနှင့် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက် ပေးခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့မှ ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းဖိုးများ အမြန်ဆုံး ထောက်ပံ့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။

စန္ဒာလင်း