ဂန့်ဂေါတွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး(Sinopharm) တတိယနေ့ ဆက်လက်ထိုးနှံပေး

ဂန့်ဂေါ စက်တင်ဘာ ၆

 မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ဒုတိယအကြိမ် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကို တတိယနေ့အဖြစ် ယနေ့နံနက် ၉ နာရီမှ စတင်ကာ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မိုးလုံလေလုံ အားကစားခန်းမ၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ထိုးနှံပေးခြင်းဖြစ်သည်။ ကာကွယ်ဆေး လာရောက်ထိုးနှံသူများ အဆင်ပြေစေရေးအတွက် မြို့နယ်အထွေထွေ ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဂန့်ဂေါခရိုင် Yaw Rescue အဖွဲ့ဝင်များက နေ့စဉ် ကူညီဆောင်ရွက်ပေးနေပြီး မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်နှင့်အထက်သက်ကြီးဘိုးဘွားများနှင့် ပြည်သူများအား Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ်အဖြစ် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးသည် တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဆေးအမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးလျှင် လူ(၅)ဦး ထိုးနှံနိုင်မည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ ပထမအကြိမ် လာရောက်ထိုးနှံသည့် လူဦးရေ (၄၁၀၀)ကို ယခုဒုတိယအကြိမ် ထိုးနှံပေးခြင်းဖြစ်ကြောင်းနှင့် စက်တင်ဘာ ၄ ရက်နေ့မှ ယနေ့အထိ ကာကွယ်ဆေး လာရောက်ထိုးနှံသူဦးရေ စုစုပေါင်း(၈၆၀)ဦး လာရောက်ထိုးနှံ ပြီးပြီဖြစ်ကြောင်း  ဂန့်ဂေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရှိရသည်။

ထင်အောင်နိုင်