ပေါက်တောမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးလျက်ရှိ

ပေါက်တော  စက်တင်ဘာ ၆

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို ပေါက်တောမြို့ပေါ်ရှိ သာသနာဗိမာန်စုရပ်၊ မြို့နယ်ထွေထွေအုပ် ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမစုရပ်တို့နှင့် ကျေးလက်ကျန်းမာရေးဌာနစုရပ်(၆) နေရာတို့တွင် ယမန်နေ့နံနက်(၁၀)နာရီက စတင် ထိုးနှံပေးခဲ့သည်။

ဒုတိယအကြိမ် ကိုဗစ်ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့်အဖွဲ့ဝင်များ လာရောက်ကြည့်ရှုကြသည်။

ဒုတိယအကြိမ်ကိုဗစ် -၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပမာဏ တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ကြပြီး ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးကြသည်။

ကာကွယ်ဆေးထိုးနှံပေးရာသို့ ဌာန အသီးသီးမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများက လိုအပ်သည်များကို ဆောင်ရွက်ပေးခြင်းပြုလုပ်ပေးကြသည်။

တဆက်တည်းမှာပင် ပေါက်တောမြို့နယ်ရှိ ကျောက်တောင် တိုက်နယ်ဆေးရုံ၊ သဝင်ချောင်းကျေးလက်ကျန်းမာရေးဌာန၊ အလယ်ကျွန်း ကျေးလက်ကျန်းမာရေးဌာန၊ သပြေကန် ကျေးလက်ကျန်းမာရေးဌာန၊ ဆင်တက် မော်ကျေးလက်ကျန်းမာရေးဌာန၊ မြင့်ဂါ ကျေးလက် ကျန်းမာရေးဌာနများသို့ မြို့ နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက စုရပ် အသီးသီးသို့ သွားရောက်ကြီးကြပ်ခြင်းများကို ဆောင်ရွက်ကြလျက် ကျေးရွာရှိ စေတနာဝန်ထမ်းများက လိုအပ်သည်များကို ဆောင်ရွက်ခြင်းများပြုလုပ်ပေးကြသည်။

ပေါက်တောမြို့ပေါ်စုရပ်များနှင့် ကျေးလက်ကျန်းမာရေးဌာန(၆)နေရာ တို့တွင် ဆေးထိုးရန် ရောက်ရှိလာကြသည့် သံဃာတော်/သီလရှင်(၄၈)ပါး၊ အသက်(၆၅)နှစ်အထက်(၅၅၄)ဦး၊ ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်း(၇)ဦး၊ နိုင်ငံဝန်ထမ်း(၂၂၂) ဦး၊ ပရဟိတ/Volunteer (၂၁၇)ဦး၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်း(၁၁၆)ဦး၊ ဈေးသည်(၃၃၇)ဦး၊ မိုတယ်၊ ဟိုတယ်၊ တည်းခိုခန်း(၅)ဦး၊ ပုဂ္ဂလိကအလုပ်ရုံဝန်ထမ်း(၅)ဦး၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်း(၂)ဦး၊ နိုင်ငံဝန်ထမ်းမိသားစု(၂၂၄)ဦး အပါအဝင်စုစုပေါင်း(၁၇၃၇)ဦး လာရောက်ထိုးနှံကြသည်ကို သိရှိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့်အဖွဲ့ဝင်များက ဆေးထိုးလာကြသော ပြည်သူများအား ဒုတိယအကြိမ် ဆေးထိုးနှံပြီးခဲ့သော်လည်း ကျန်းမာရေးဝန်ကြီးဌာန၏ ရှောင်ရန်ဆောင်ရန် အချက်အလက် များကို အလေးအနက်ထား လိုက်နာပေးစေလိုကြောင်း ပြောကြားပြီး မိမိကအစ ကာကွယ်ကြစေရန် မှာကြားခဲ့ကြောင်း သိရှိရသည်။

ကျော်သန်း (မြို့နယ်ပြန်/ဆက်)