မော်လိုက် စက်တင်ဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုတို့အား ထိရောက်စွာ ဟန့်တားနိုင်ရေးအတွက် ရောဂါပိုးကူးစက်လွယ်သူများကို ဦးစားပေးအုပ်စုအလိုက်ဖြင့် စက်တင်ဘာလ ၃ ရက်နေ့မှ စတင်၍ မြို့တော်ခန်းမတွင် ကျန်းမာရေး ဝန်ထမ်းများက RDT Test Kit များဖြင့် စစ်ဆေးပေးခဲ့ရာ ယမန်နေ့အချိန်ထိ ပြည်သူစုစုပေါင်း (၄၅၅) ဦးတို့အား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးနိုင်ခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ ဦးစားပေးအုပ်စုအလိုက် ရောဂါပိုးစစ်ဆေးပေးခြင်းကို ခရိုင်/မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ထွေ/အုပ်ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြပြီး ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိတို့ကို စစ်ဆေးပေးခဲ့ကြကြောင်းနှင့် စစ်ဆေးပေးနေမှုတို့အား ခရိုင်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဏ္ဏထွန်းနှင့်အဖွဲ့ဝင်များက ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မော်လိုက်မြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ခရိုင်/မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်ကြီးကြပ်၍ ရောဂါပိုးကူးစက် လွယ်သူအုပ်စုများဖြစ်သည့် Stay at Home မြို့နယ်မှပြန်လာသူ(၂၅)ဦး၊ စျေးသည်(၄၀၅)ဦး၊ ကုန်တင် ကုန်ချလုပ်သား(၂၀)ဦး၊ စေတနာ့ဝန်ထမ်း(၂)ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး (၁)ဦး၊ ယာဉ်မောင်း/ယာဉ်နောက်လိုက်(၂)ဦး စုပေါင်း (၄၅၅) ဦးတို့အား စက်တင်ဘာလ(၃)ရက်နေ့မှ စက်တင်ဘာလ(၅)ရက်နေ့ထိ (၃)ရက်တိုင်တိုင် မြို့တော်ခန်းမတွင် RDT Test Kit ဖြင့် စစ်ဆေးပေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ မတွေ့ရှိရကြောင်းနှင့် စက်တင်ဘာလ ၆ ရက်နေ့တွင်လည်း မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်၊ သံဃာတော်များ ကိုလည်း ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ တို့ကို ဆက်လက်စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
မော်လိုက်သားလေး