ပခုက္ကူ စက်တင်ဘာ ၆
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ရွှေတန့်တစ်ကျေးရွာတွင် ကြီးရွာမြစ်ရေတင်ဖြင့် မိုးစပါး သီးနှံများကို ၂၀၂၁ခုနှစ်၊ စက်တင်ဘာလကုန်တွင် သတ်မှတ်လျာထားဧကအတိုင်း စနစ်တကျပြည့်မီ စိုက်ပျိုးနိုင်ရေးအတွက် ကြိုးပမ်းစိုက်ပျိုးကြရာ ယခုအခါ မိုးစပါးသီးနှံဧကပေါင်း(၄၄၀)ကျော် စိုက်ပျိုး ပြီးစီးကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
ပခုက္ကူမြိနယ်၊ ကွန်းရွာကျေးရွာအုပ်စု၊ ရွှေတန့်တစ်ကျေးရှိ ဒေသခံတောင်သူများမှာ ကြီးရွာမြစ်ရေတင်ဖြင့် နှစ်စဉ်(နွေ၊မိုး၊ဆောင်း) သုံးရာသီလုံး သီးနှံစိုက်ပျိုးရေး လုပ်ငန်းများကို ကောက်စိုက်စက်များ အသုံးပြုခြင်းနှင့် ကောက်စိုက်အလုပ်သမားများ ငှားရမ်းအသုံးပြုခြင်းတို့ဖြင့် သတ်မှတ်လျာထား ဧကအတိုင်း ပြည့်မီရေး အဓိကထား စိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ တောင်သူများ၏ ရာသီအလိုက် သီးနှံများ အောင်မြင်ဖြစ်ထွန်းရေးနှင့် သီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်ရာတွင် အခက်အခဲ မဖြစ်ပေါ်စေရေးတို့အတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ကြီးရွာမြစ်ရေတင် မှတဆင့် စိုက်ပျိုးရေများအား နှစ်စဉ်ရေလုံစွာ ပေးဝေလျက်ရှိကြောင်း၊ မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် မိုးစပါးစိုက်ခင်းများမှ အရည်အသွေးပြည့်မီသည့် စပါးမျိုးများ ထွက်ရှိရေးနှင့် သီးနှံအထွက်နှုန်းတိုးပွားရေးတို့အတွက် ရာသီအလိုက် စပါးမျိုးများထောက်ပံ့ခြင်း၊ လိုအပ်သည့် စိုက်ပျိုးရေး နည်းစနစ်များနှင့် သွင်းအားစုပစ္စည်းများ ထောက်ပံ့ကူညီပေးခြင်း၊ ပိုးမွှားရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆောင်ရွက်ရန်နည်းလမ်းများအား အသိပညာပေးခြင်းများကို ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ရွှေတန့်တစ်ကျေးရွာတွင် ၂၀၂၁ခုနှစ်၊ မိုးစပါးသီးနှံ ဧကပေါင်း (၁၂၃၃)ဧကရှိပြီး ဩဂုတ်လ ၁၅ရက်နေ့မှ စတင်စိုက်ပျိုးကြရာ ယနေ့အချိန်ထိ စိုက်မျိုးဧက(၄၄၁)ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်းနှင့် ကျန်ရှိသည့် စိုက်ခင်းများကိုလည်း ယခုစက်တင်ဘာလကုန်တွင် ရာနှုန်းပြည့် စိုက်ပျိုးပြီးစီးနိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း ပခုက္ကူမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစန်းလွင်က ပြောသည်။
ဆလိုင်းကိုကီး