(၈၂)နှစ်ပြည့် ဆရာတော်အသျှင် ဦးဥတ္တမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောက်ဖြူ မြို့တွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်

ကျောက်ဖြူ စက်တင်ဘာ ၆

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင်ကျရောက် မည့် (၈၂)နှစ်ပြည့်၊ ဆရာတော်အသျှင် ဦးဥတ္တမနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ယမန်နေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့ပေါ်လူငယ်များမှ ပင်လယ်ကမ်းခြေအနီးရှိ ဦးဥတ္တမ ပန်းခြံတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျောက်ဖြူမြို့နယ်၊ ဆရာတော် ဦးဥတ္တမနေ့ ကျင်းပရေး ကော်မတီ ဟောင်းများနှင့် မြို့ပေါ်လူငယ်အဖွဲ့အစည်းများ ပူးပေါင်း၍ အဆိုပါပန်းခြံအတွင်းရှိ ဆရာတော်အသျှင် ဦးဥတ္တမ၏ရုပ်ထုနှင့် ရင်ပြင်အား သန့်ရှင်းရေးများ ပြုလုပ်ခဲ့ကြပြီး ပန်းခြံအတွင်း ပေါက်ရောက်နေသည့် ခြုံနွယ်မြက်ပင်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များအား ကောက်ယူပြီး သတ်မှတ် နေရာများသို့ စနစ်တကျပို့ဆောင် ပေးခြင်းများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များ နှင့်အညီ စုပေါင်း ဆောင်ရွက် ခဲ့ကြသည်။

ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှု အခြေအနေများကြောင့် ဆရာတော်အသျှင် ဦးဥတ္တမနေ့ အထိမ်းအမှတ်ပွဲများကို မကျင်းပနိုင်ခဲ့သည်မှာ ၃ နှစ်ရှိပြီဖြစ်ကြောင်း၊ ယခုနှစ်တွင်လည်း ကိုဗစ် အခြေအနေကြောင့် ပြိုင်ပွဲများကျင်းပနိုင်မည် မဟုတ်ကြောင်းနှင့် လွန်ခဲ့သည့်သုံးနှစ်က ဆရာတော် အသျှင်ဦးဥတ္တမနေ့ အထိမ်းအမှတ်အဖြစ် ရခိုင်ရိုးရာ ကျင်ပွဲများ၊ စာစီစာကုံးပြိုင်ပွဲများ၊ ဉာဏ်စမ်း ပဟေဠိပြိုင်ပွဲများကို ထည့်သွင်းကျင်းပခဲ့ပြီး ယခုနှစ်တွင် ကိုဗစ်အခြေအနေကြောင့် (၈၂)နှစ်ပြည့်၊ ဆရာတော်အသျှင် ဦးဥတ္တမနေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ စုပေါင်းသန့်ရှင်းရေးများလာ‌ ရောက်ပြုလုပ်ခြင်း ဖြစ်ကြောင်း  သန့်ရှင်းရေး လာရောက်ပြုလုပ်နေသူ ကိုအောင်စောသိန်းက ပြောကြားသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)