ကျိုက်လတ်မြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ကျိုက်လတ် စက်တင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် အဘိုး အဘွားများနှင့် ဦးစားပေးအဆင့်လိုက် ပြည်သူ(၆၃၈)ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်မှ စတင်ကာ အထက -၁၊ အထက -၃ ကျောင်းခန်းမများ၌ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် ဩဂုတ်လ ၈ရက်နေ့တွင် ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးသည့် အသက် ၆၅ နှစ်နှင့်အထက် အဘိုးအဘွားများ၊ စေတနာ့ဝန်ထမ်းများ၊ ပရဟိတ အဖွဲ့ဝင်များ၊ သံဃာတော်များ/ သီလရှင် များ၊ပုဂ္ဂလိက ပို့ဆောင်ရေးလုပ်ငန်း၊ ဈေးရောင်းချသူများ အထက-၁ကျောင်းခန်းမတွင် ၃၄၀ဦး၊ အထက-၃ကျောင်းခန်းမတွင် ၂၉၈ဦးတို့အား စုရပ်နှစ်ရပ်ခွဲ၍ နံနက် ၉နာရီမှ ညနေ ၃နာရီအထိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) စနစ်တကျ ထိုးနှံပေးသွားမှာကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံသူများအား ကျန်းမာရေးဝန်ထမ်းများမှ အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်တိုင်းပေးခြင်း၊ အောက်ဆီဂျင် တိုင်းပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ကျိုက်လတ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်း အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဌေးဌေးလှိုင်