မာန်အောင် စက်တင်ဘာ ၅
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ရဟန်းသံဃာတော်များနှင့် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် တတိယနေ့အဖြစ် ဆက်လက်ထိုးနှံခြင်းကို ယနေ့နံနက် ၁၀ နာရီမှ နေ့လယ် ၁၂နာရီထိလည်းကောင်း၊ မွန်းလွဲ ၁နာရီမှ ညနေ ၄နာရီထိလည်းကောင်း၊ အချိန်ခွဲခြား သတ်မှတ်ပြီး မြို့နယ်ပြည်သူ့ဆေးရုံ ဆေးထိုးစုရပ် နေရာ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ထိုးနှံရာတွင် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံခဲ့ပြီး ဆေးထိုးသတ်မှတ်ရက်ပြည့်သူ ရဟန်းသံဃာတော် (၁၂)ပါး၊ သီလရှင်(၁)ပါး၊ စုစုပေါင်း(၁၃)ပါးနှင့် အသက်(၆၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွား (၉၇)ဦးတို့အား ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း၊ ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးလျှင် လူ (၅)ဦး ထိုးနှံပေးလျက်ရှိကြောင်းနှင့် အဆိုပါ ဆေးထိုးခြင်း လုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရွှေလှအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစောမင်းနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ပါဝင်ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)