ဂွမြို့နယ်၌ ၂၀၂၁-၂၀၂၂ ခုနှစ် မိုးရာသီမိုးစပါးကွင်းပိတ်ပွဲနှင့် မြေသြဇာကြဲပက်ကွင်း သရုပ်ပြပွဲ အခမ်းအနား ကျင်းပ

ဂွ စက်တင်ဘာ ၅

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၁-၂၀၂၂ ခုနှစ် မိုးရာသီ မိုးစပါးကွင်းပိတ်ပွဲနှင့် မြေသြဇာကြဲပက်ကွင်းသရုပ်ပြပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ အချိန်က ဂွမြို့ ရဟိုင်ကူးတို့ကျေးရွာအုပ်စု၊ ရဟိုင်ကွင်းဆည်ရေသောက်ကွင်း ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာ ဆင်းသွယ်လတ် မျစပါး (၁၀)ဧက၊ မျိုးစေ့ထုတ်စံပြစိုက်ခင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် သံတွဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်က အဖွင့်အမှာစကား ပြောကြားပြီး သံတွဲခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးသော်ဇင်မောင် ကလယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားကာ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ထွန်းလင်းက မိုးရာသီမိုးစပါး ကွင်းပိတ်ပိတ်ပွဲနှင့် မြေသြဇာကြဲပက်ကွင်း သရုပ်ပြ အခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ရွက်ဖျန်းမြေဩဇာ ပြုလုပ်သုံးစွဲခြင်း နည်းပညာများကို ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ တောင်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာသူတောင်သူများကို သံတွဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် သံတွဲခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသော်ဇင်မောင်တို့က ရွက်ဖျန်းမြေသြဇာ အရည်(၄)လီတာဆန့် (၂၅)ဗူး၊ ဓါတ်မြေသြဇာ(၃၀)အိတ်နှင့် Mask အခု(၅၀၀)တို့ကို ပေးအပ်ခဲ့ပြီး တက်ရောက်လာသူများက ကွန်ပေါင်းမြေဩဇာ၊ သဘာဝ မြေဩဇာနှင့် ယူရီးယား မြေဩဇာ ပေါင်းစပ်သုံးစွဲပြီး ကွင်းအတွင်း မြေသြဇာကြဲပက် သရုပ်ပြပွဲကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်