တမူး စက်တင်ဘာ ၅
အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်နှင့် တမူးမြို့ရှိ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် တွေ့ဆုံပွဲကို ယနေ့ နံနက်(၁၀:၁၀)နာရီအချိန်က တမူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်က အဖွင့်အမှာစကားပြောကြားပြီး တမူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်အံ့မောင်က ဒေသဆိုင်ရာအချက်အလက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ တမူးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ကျော်ညွန့်မှ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး မြို့မရပ်ကွက်မှ ရပ်မိရပ်ဖတစ်ဦးမှ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များတို့ကို တင်ပြခဲ့သည်။
ထို့နောက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်က ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၏ ရှင်းလင်းတင်ပြချက်များအပေါ် ညှိနှိုင်းဖြည့်ဆည်းပေးမည့် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တမူးမြို့ ပြည်သူများအတွက် Sinopharm ကိုဗစ်ကာကွယ်ဆေး (၇၂၁) လုံး၊ရပ်မိရပ်ဖများနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် စားသောက်ကုန်ပစ္စည်းများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်အံ့မောင်နှင့် ခရိုင်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသူရတို့က လက်ခံရယူခဲ့သည်။
ဖိုးကျော်