တန့်ဆည်မြို့နယ်၌ မဲဆန္ဒရှင်စာရင်း စိစစ်ရေးလုပ်ငန်းကော်မတီနှင့် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီဖွဲ့စည်း

တန့်ဆည်  ဩဂုတ် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အတွက် ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်း ရရှိနိုင်ရန် မဲစာရင်းစိစစ်ရေးလုပ်ငန်းကော်မတီဖွဲ့စည်းခြင်းနှင့် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ် ညှိနှိုင်းရေးကော်မတီဖွဲ့စည်းခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်စွာမင်းက ပြည့်စုံမှန်ကန်သော မဲစာရင်းရရှိနိုင်ရေးအတွက် ဌာနဆိုင်ရာများက မဲစာရင်း စိစစ်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းမောင်က မဲဆန္ဒရှင် စာရင်း ကပ်ထားကြေညာချိန်တွင် မဲဆန္ဒရှင်ပြည်သူများမှ တင်သွင်းသည့် ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ) များကို ရပ်ကွက်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက စာရင်းပြုစု၍ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ လက်ခံရန်သင့်မသင့်ကို စိစစ်ရန်  တွေ့ကြုံရသည့်အခက်အခဲများကို ပူးပေါင်းဆောင်ရွက်ကြရန်ပြောကြားသည်။

မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသည် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် ရွေးကောက် တင်မြှေက် ခြင်းဆိုင်ရာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အငြင်းပွားမှု၊ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက အချိန်မီဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းထားရှိကြောင်းနှင့် ကော်မတီတွင် ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ ရွေးကောက်ပွဲဝင်ရောက်သည့်ပါတီများနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ကိုယ်စားလှယ်တစ်ဦးစီ၊ မြို့နယ် အတွင်းရှိ ဩဇာတိက္ကမရှိသူများ ပါဝင်ဖွဲ့စည်းထားကြောင်းသိရသည်။

ငြိမ်းမင်းထွန်း(တန့်ဆည်)