ငါးသိုင်းချောင်း စက်တင်ဘာ ၅
ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ရှေ့ဆောင်ရပ်ကွက်ရှိ ငဝန်မြစ်ကမ်းဘေး၌ စက်တင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန အစီအစဉ်ဖြင့် ငဝန်မြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရေကြည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဝင်း၊ မြို့နယ် ငါးမျိုးစိုက်ထည့်ခြင်း လုပ်ငန်း အကောင်အထည်ဖော်ရေး ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး မျိုးမြင့်အောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးမျိုးလွင်၊ ငါးသိုင်းချောင်းမြို့ အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်၊ မြို့နယ်နှင့်မြို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အင်းလုပ်ငန်းရှင် အင်းသားကြီးများက ငါးမြစ်ချင်း ကောင်ရေ(၁)သိန်း၊ ငါးခုံးမကြီးကောင်ရေ(၁)သိန်း၊ စုစုပေါင်း (၂)လက်မအရွယ် ငါးသားပေါက်ကောင်ရေ(၂)သိန်းကို ငဝန်မြစ်အတွင်း ငါးမျိုးစိုက်ထည့်ခဲ့ကြသည်။ ယခုကဲ့သို့ ငါးမျိုးစိုက်ထည့်ခြင်းကို ငါးလုပ်ငန်းများရေရှည်ဖွံ့ဖြိုးရေး၊ ဒေသတွင်းငါးရိက္ခာဖူလုံစေရေးနှင့် ငါးသယံဇာတ တိုးပွားလာစေရေးအတွက် ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း သက်ဆိုင်ရာမှသိရှိရသည်။
ဝတီလွင်(ပြန်/ဆက်)