မြစ်ကြီးနား စက်တင်ဘာ ၅
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်သယံဇာတရေးရာ ဝန်ကြီး ဦးတိန့်ဆောင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူ ယမန်နေ့ ညနေ ၃ နာရီခွဲတွင် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်ရှိ ဇီးအွန်နေရပ်စွန့်ခွာ အိမ်ထောင်စုများ နေထိုင်ရာ IDPs စခန်း သို့သွားရောက်ပြီး ထောက်ပံ့ ပေးအပ်မှုများ ဆောင်ရွက်ခဲ့သည်။
ဇီးအွန် IDPs စခန်း၌ စခန်းတာဝန်ရှိသူများ၊ နေရပ်စွန့်ခွာပြည်သူများ မိသားစုများနှင့်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း IDPs စခန်းနေပြည်သူများ နေထိုင်စားသောက်မှု အဆင်ပြေစေရေးနှင့် တစ်ပိုင်တစ်နိုင် အိမ်မွေးတိရိစ္ဆာန်များ မွေးမြူနိုင်ရေး၊ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများကို လာရောက်ထောက်ပံ့ရခြင်း ဖြစ်ကြောင်း၊ ထို့အပြင် မိသားစုများအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကို အထူးဂရုပြုကာကွယ်ကြရန်လိုကြောင်းနှင့် လိုအပ်သည်များကို မိမိတို့အနေဖြင့် တတ်နိုင်သလောက် ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း အားပေးပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးနှင့် ဌာနဆိုင်ရာ အကြီးအကဲများက စခန်းနေမိသားစုများအတွက် ဆန်အိတ် ၂၀ အိတ်နှင့် အသင့်စားခေါက်ဆွဲခြောက်များ၊ ကြက်ဥ အလုံး ၂၀၀ ၊ ကိုဗစ်-၁၉ ကာကွယ်ရေး သုံးပစ္စည်းများဖြစ်သည့် PPE ဝတ်စုံ ၅၀ စုံ၊ လက်အိတ် ၅၀၀ စုံ၊ နှာခေါင်းစည်း Mask ၅၀၀ ခု၊ ကိုယ်တိုက်ဆပ်ပြာ ၅ ဖာ၊ အိမ်မွေး ဝက်သားပေါက် ၆ ကောင်နှင့် အိမ်မွေးတိရိစ္ဆာန် အထောက်အကူပြု ဆေးဝါးပစ္စည်းများကို ထောက်ပံ့ပေး အပ်ခဲ့ကြပြီး ပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက အထောက်အကူပြုဆေးဝါးများ သုံးစွဲပုံ သုံး စွဲနည်းနှင့် အကျိုးပြုပုံတို့ကို ရှင်းလင်းပြောကြားခဲ့ရာ စခန်း တာဝန်ခံက ကျေးဇူးတင်စကားပြန် လည်ပြောကြားခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဗေသလနှစ်ခြင်းခရစ်ယာန် အသင်းတော် ဘုရားကျောင်း၌ အသင်းတော်တာဝန်ရှိသူများ၊ အမှုဆောင်များ နှင့် သွားရောက်တွေ့ဆုံ အားပေး စကားပြောကြားပြီး အသင်းတော်အတွက် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်ကာ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ အစိုးရအဖွဲ့မှ ပံ့ပိုးကူ ညီဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။