စဉ့်ကိုင် စက်တင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင် ၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက် / ကျေးရွာများမှ ဦးစားပေး အဆင့်အလိုက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက် (၉)နာရီမှ စတင်၍ ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးများထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုမြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသိမ့်အိသူ (ပြည်သူ့ကျန်းမာ) နှင့် ကျန်းမာရေး၀န်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့၀င်များ၊ ပရဟိတအသင်းအဖွဲ့၀င်များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ကူးစက်ရောဂါ ကူးစက် ပြန့်ပွားမှုမဖြစ်စေရေး၊ ကြိုတင်ကာကွယ်နိုင်စေရန်နှင့် ရောဂါကူးစက်မှု လျော့နည်းစေရေးအတွက် သက်ဆိုင်ရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့၀င်များနှင့် ပူးပေါင်းပြီး ပြည်သူများ လိုက်နာစေရန်၊အသံချဲ့စက်များ၊ Hand Spaker ဖြင့် လှည့်လည်ပြီးအသိပညာပေးနှိုးဆော်ခြင်း၊ ရပ်ကွက်/ ကျေးရွာများအတွင်း ပိုးသတ်ဆေးများဖြန်းပေးခြင်း၊ ဒေသန္တာရစည်းကမ်းချက်များ၊ ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာမှု ရှိ/မရှိ စစ်ဆေးခြင်း အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျှက်ရှိပြီး စက်တင်ဘာ(၄)ရက်နေ့အထိ အသက်(၆၅)နှစ် နှင့်အထက်အဘိုးဘွား(၅၅၇)ဦး၊ ဘယ်လင်း အကျဉ်း ဦးစီးဌာန အမှတ်(၁)မှ အကျဉ်းသား (၁၇၁)ဦး၊ အကျဉ်းဦးစီးဌာန အမှတ်(၂)မှအကျဉ်းသား (၁၂၂)ဦး စုစုပေါင်း (၈၅၀)ဦး တို့ကို ကိုဗစ်−၁၉ရောဂါကာကွယ် ဆေးထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနထံက သိရသည်။
အောင်ပိုင်ပိုင်ကျော်(စဉ့်ကိုင်)