နောင်ချို စက်တင်ဘာ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါကာ ကွယ်ဆေး Sinopharm အမျိုးအစား ထိုးနှံထားသူများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစား ကာကွယ်ဆေးကို ဆေးတစ်လုံးလျှင် လူနှစ်ဦးနှုန်းဖြင့် ထိုးနှံပေးလျက်ရှိရာ ရဟန်းသံဃာတော်များ၊ အသက် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ပရဟိတဆောင်ရွက်နေသည့် စေတနာ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းမိသားစုဝင်များ (၁၂၀၀)ဦးကို ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရင်းများမှတ်ယူခြင်း၊ ကျန်းမာရေးဝန်ထမ်းများက လာရောက်ထိုးနှံသည့် ရဟန်းသံဃာတော်များ၊ အသက် ၆၅ နှစ်အထက်ဘိုးဘွားများ၊ ဦးစားပေး အစီအစဉ်တွင် ပါဝင်သူများအား သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပြီး ပုံမှန်အခြေအနေ ရှိမှသာ ကာကွယ်ဆေးထိုးနှံပေးပြီး ထိုးနှံပြီးသည့် သူများကို မိနစ် (၃၀)ခန့် အနားယူစေကာ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံပေးခြင်းများကို မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထွေးငယ်၊(ပြန်/ဆက်)