ဝေါ စက်တင်ဘာ ၅
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၊ ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက ပြည်သူများ ငါးသယံဇာတများ ရေရှည်စဉ်ဆက်မပြတ် ပေါကြွယ်ဝစေရန် ၊ ငါးမျိုးပြုန်းတီးမှု လျော့ပါးစေရန်နှင့် ဒေသခံပြည်သူများ ငါးစားသုံးမှု ဖူလုံစေရန်ရည်ရွယ်၍ တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် စက်တင်ဘာ ၅ ရက် ၊ ယနေ့ နံနက် ၉ နာရီက ပဲခူး-စစ်တောင်းတူးမြောင်းအတွင်း ငါးမျိုးစိတ်ကောင်ရေ(၃)သိန်းအား စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ငါးမျိုးစိတ်စိုက်ထည့်ပွဲ အခမ်းအနားသို့ ပဲခူးခရိုင် ငါးလုပ်ငန်းဦးစီးဌာန ၊ဦးစီးဌာနမှူး ဦးဇော်မြင့်နိုင်၊ ဝေါမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမော်၊ မြို့နယ်ငါးမျိုးစိုက်ကြီးကြပ်ကွက်ကဲရေးကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးမျိုးဝင်းအောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ ၊ ဝေါမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်ခင်မျိုးနိုင်နှင့်ဝန်ထမ်းများ ၊ ပဲခူးမြို့ ငါးသားပေါက်စခန်းမှ တာဝန်ခံဦးသူရမိုးအောင်နှင့် ဝန်ထမ်းများ ၊မြို့နယ်ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌဦးသိန်းရွှေနှင့် ဒေသခံရေလုပ်သားများ တက်ရောက်ကြပြီး ပဲခူး-စစ်တောင်းတူးမြောင်းအတွင်း ငါးသယံဇာတ ဖူလုံစေရေးအတွက် ငါးမြစ်ချင်းကောင်ရေ(၃)သိန်း စုပေါင်းစိုက်ထည့်ပေးခဲ့ကြသည်။
ဝေါမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ ငါးစားသုံးမှုဖူလုံစေရန်နှင့် ငါးသယံဇာတများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် နှစ်စဉ် မြို့နယ်အတွင်းရှိ မြစ်/ချောင်းနှင့် ဆည်တမံများ ၊ စပါးစိုက်လယ်မြေများအတွင်း ငါးမျိုးစိတ်များ စိုက်ထည့်ပေးခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပဲခူးငါးသားဖောက်စခန်းမှလည်း ဒေသခံရေလုပ်သားများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် တစ်ပိုင်တစ်နိုင် ငါးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်ရေး ရွှေဝါငါးကြင်း ၊ ငါးခုံးမကြီး ၊ ငါးမြစ်ချင်း စသည့် ငါးမျိုးစိတ်များကို မွေးမြူထုတ်လုပ်ကာ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း ဝေါမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှူး ဒေါ်ခင်မျိုးနိုင် ထံမှ သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)