ဆီဆိုင် စက်တင်ဘာ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ဦးစားပေးအုပ်စုတွင် ပါဝင်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို စက်တင်ဘာ ၅ ရက် နံနက် ၉နာရီ ခန့်က ဆီဆိုင်မြို့နယ်အတွင်းရှိ သတ်မှတ်ထားသည့် စုရပ်နေရာများ၌ ဆက်လက်ထိုးနှံပေး လျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် ဦးစားပေးအစီအစဉ်အရ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံနိုင်ရေးအတွက် မိဘပြည်သူများ၏ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ အောက်ဆီမီတာတိုင်းတာ ခြင်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ၊လူမှုရေးအသင်းအဖွဲ့များမှ ပူးပေါင်းဆောင်ရွက် ပေးခဲ့ကြပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို စနစ်တကျထိုးနှံပေးခဲ့သည်။
ဆီဆိုင်မြို့နယ်အတွင်း ဆေးထိုးအုပ်စုနေရာများအဖြစ် ဆီဆိုင်မြို့နယ်ခန်းမဆောင်၊ ပါလောပါကယ် ကျေးရွာအုပ်စု၊ ဆိုက်ခေါင်စံပြကျေးရွာရှိ အုပ်စုအုပ်ချုပ်ရေးမှူးရုံးနှင့် ဇေတဝန်ကျောင်းတိုက်၊ ဘန်းယဉ်ကျေးရွာအုပ်စု၊ ဘန်းယဉ်ကျေးရွာရှိ ဘုရားကိုးဆူဓမ္မာရုံ စသည့်နေရာများတွင် ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)