လက်ပံတန်း စက်တင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်(၉) နာရီအချိန်မှ စတင်၍ ၂ လမ်း ခန်းမ၌ ဆက်လက် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစား ဖြစ်ပြီး၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ် ကျန်းမာ ရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာများ မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော ဆေးထိုးအဖွဲ့ (၁၀)ဖွဲ့ဖြင့် ဆေးထိုးစုရပ်များတွင် လာရောက် ထိုးနှံသူတို့အား ကိုဗစ်-၁၉ရောဂါ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ သတ်မှတ်ရက်အလိုက်ဆေးထိုးပေး လျက် ရှိရာ ယမန်နေ့အထိ ပြည်သူ(၂၈၈၅)ဦးအား ကာကွယ်ဆေးထိုးနှံပေးပြီး ဖြစ်ကြောင်းသိရသည်။
အဆိုပါဆေးထိုးခြင်း လုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကော်မတီအဖွဲ့ဝင်များနှင့် ကျန်းမာရေး ဦးစီးဌာနနှင့်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ပူးပေါင်းကူညီဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။လက်ပံတန်း မြို့နယ်တွင်(ပထမ) အကြိမ် (၅၅၉၉)ဦးထိုးနှံပေးခဲ့ပြီး (ဒုတိယ) အကြိမ် ကာကွယ်ဆေး ထိုးနှံရမည့်သူများကို သတ်မှတ်ရက်များတွင် ယခင်(ပထမ)အကြိမ် ထိုးနှံခဲ့သည့် နေရာများ တွင် ဆက်လက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဝင့်နန္ဒာဌေး