ကျောက်တံခါးမြို့တွင် စျေးရောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး

ကျောက်တံခါး  စက်တင်ဘာ ၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်  ထိုးနှံထားသည့် စျေးရောင်းချသူများအား ဒုတိယအကြိမ်အဖြစ် ယနေ့နံနက်(၈)နာရီအချိန်မှစတင်ကာ  သတ်မှတ်ထားရှိသည့်  ဆေးထိုးနေရာ(၂)နေရာ၌  ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနေရာ(၂)နေရာဖြစ်သည့် မြို့နယ်စည်ပင်သာယာခန်းမနှင့် မြို့နယ်အားကစား ခန်းမတို့၌ ဆေးအထိုးအဖွဲ့(၂)ဖွဲ့ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ပထမအကြိမ်ကဲ့သို့ အစီအစဉ်အတိုင်း ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ ထိုးနှံပေးလျက်ရှိရာ လူမှုရေး အသင်းအဖွဲ့များ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ကူညီဆောင်ရွက်ပေးလျက်ရှိပြီး တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက် ရှိသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို နှစ်ကြိမ်ထိုးပြီးသူများကို QR Code ပါသည့် ကာကွယ်ဆေး(၂)ကြိမ် ထိုးပြီးကြောင်း မှတ်တမ်းစာရွက်များကို ထုတ်ပေးလျက်ရှိကြောင်း၊ အဆိုပါ မှတ်တမ်းစာရွက်သည် ခရီးသွားလာသည့်အခါ ကာကွယ်ဆေးထိုးပြီးကြောင်း ထောက်ခံချက်အနေဖြင့် သွားလာရမည်ဖြစ်သည့် အတွက် ဆေးထိုးပြီး သူများရယူကြရန်နှင့် ပျက်စီးမှုမရှိအောင် စနစ်တကျ သိမ်းဆည်းကြရန် လိုအပ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။

စန်းစန်း