တောင်တွင်းကြီးမြို့နယ်၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသူ (၅၁၀၅) ဦးရှိပြီဖြစ်

တောင်တွင်းကြီး စက်တင်ဘာ ၅

မကွေးတိုင်းဒေသကြီး‌၊ တောင်တွင်းကြီးမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် အသက်အရွယ် ကြီးရင့်သူများ အပါအဝင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဦးစားပေးအုပ်စုအလိုက် ဩဂုတ်(၂၉)ရက်နေ့မှ စတင်ကာ ဆေးထိုးစုရပ်များခွဲ၍ ထိုးနှံဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ(၃)ရက်နေ့အထိစု စုပေါင်းကာကွယ်ဆေး လာရောက်ထိုးနှံသူဦးရေ (၅၁၀၅)ဦး ရှိပြီဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးရာတွင် အသက်အရွယ်ကြီးရင့်သူများနှင့် အကြောင်းအမျိုးမျိုးကြောင့် သွားလာရေး အခက်အခဲရှိသော ပြည်သူများအဆင်ပြေစွာ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ဆေးထိုးစုရပ်နေရာများအဖြစ် သာသနာ့ဗိမာန်ခန်းမ၊ ပရပ်ကျယ်ကျေးရွာ (အ.ထ.က)ကျောင်း၊ ကုက္ကိုကုန်း‌ကျေးရွာတို့တွင် ဆေးထိုးစုရပ်နေရာများ ခွဲပြီး ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က ကာကွယ်ဆေးလာရောက်ထိုးနှံသူ ဦးရေ(၉၃၅)ဦးရှိကြောင်း သိရသည်။

ကာကွယ်ဆေး လာရောက်ထိုးနှံကြသူများ စိတ်အေးချမ်းသာစွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက လိုအပ်သော ကိစ္စများကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် လာရောက်ထိုးနှံကြသူများကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းအောင်ထွေး ၏ အနီးကပ် ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သိရပြီး ဩဂုတ်လ (၂၉)ရက်နေ့မှ ယမန်နေ့အထိ ကာကွယ်ဆေး လာရောက်ထိုးနှံသူဦးရေ စုစုပေါင်း (၅၁၀၅)ဦး ရှိပြီဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဆန်းအောင်ထွေးထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)