မင်းဘူး စက်တင်ဘာ ၅
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၆ နာရီအချိန် တိုင်းထွာချက်များအရ စိုးရိမ်ရေအမှတ် ၁၇၀၀ စင်တီမီတာသို့ ရောက်ရှိရန် ၃၃ စင်တီမီတာ အလိုမှ ၁၅၅၆ စင်တီမီတာ၊ ၁၁ စင်တီမီတာ ၄ ဒသမ ၅ လက်မသို့ ပြန်လည်လျော့ကျသွားကြောင်း သိရသည်။
အဆိုပါ ဧရာဝတီမြစ်ရေ မြင့်တက်မှုတွင် ယခင်က တစ်နေ့လျှင် ၁၆ စင်တီမီတာ မြင့်တက်လျက်ရှိပြီး ဧရာဝတီမြစ်ကမ်း တစ်လျှောက် ထောက်ရှာပင် ကျေးရွာအုပ်စုရှိ ရွှေတပင်ကျေးရွာ၊ မင်းဘူးမြို့ အမှတ် ၂၊ အမှတ် ၃၊ အမှတ် ၄ ရပ်ကွက်များနှင့် ရွာသာ၊ ထုံးမကျီးစသော ကျေးရွာများတွင် မြစ်ရေအများဆုံး မြင့်တက်လျက် ရှိသည်။
ထိုသို့ မြစ်ရေ မြင့်တက်မှုကြောင့် ရပ်ကွက်/ ကျေးရွာများရှိ ပြည်သူများနှင့် ၎င်းတို့ မွေးမြူထားသော ကျွဲ၊ နွားနှင့် အခြားအိမ်မွေး တိရစ္ဆာန်များကို ရေလွတ်သည့် ကုန်းမြင့်ရာ နေရာများသို့ ရွှေ့ပြောင်း ထားရကြပြီး အချို့ကျေးရွာများတွင် မြစ်ကမ်းပါးများ ပြိုကျသည်အထိ စိုးရိမ်ကြရသည့် အခြေအနေများရှိကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးများထံမှ သိရသည်။
ထိုကဲ့သို့ မြစ်ရေတက်ခြင်းများမှာ နှစ်စဉ် စိုးရိမ်ရေအမှတ်အထက်သို့ မြင့်တက်ခြင်း မဟုတ်ဘဲ ( ၂၀၀၄ ) ခုနှစ်၊ ( ၂၀၀၇ ) ခုနှစ်၊ (၂၀၁၆ ) ခုနှစ်များတွင် စိုးရိမ်ရေ အမှတ်အထက်သို့ မြင့်တက်ခဲ့ပြီး ယခုနှစ်တွင်ယခင်နေ့များက တစ်နေ့လျှင် ၁၆ စင်တီမီတာ မြင့်တက်လျက် ရှိသောကြောင့် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိရန် ၃၃ စင်တီမီတာ အလိုမှ ယနေ့နံနက် ၆ နာရီအချိန် တိုင်းထွာချက်များအရ ၁၅၅၆ စင်တီမီတာ၊ ၁၁ စင်တီမီတာ ၄ ဒသမ ၅ လက်မ ပြန်လည် လျော့ကျသွားကြောင်း မင်းဘူးခရိုင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်အုန်းက ပြောကြားခဲ့သည်။
ဇေယျာထက် (မင်းဘူး)