ပုံပါကျင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (sinopharm) ကို ပြည်သူ ၄၃၄ ဦးအား ဒုတိယအကြိမ် ထိုးနှံပြီးစီး

ပုံပါကျင် စက်တင်ဘာ ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် မြို့ပေါ်ရပ်ကွက်(၅)ခုနှင့် ကျေးရွာအုပ်စုများမှ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(sinopharm) ဒုတိယအကြိမ် ထိုးနှံ‌ပေးခြင်းကို ကျန်းမာရေးဌာန၌ စုရပ်ထားရှိပြီး စက်တင်ဘာ ၁ ရက်နေ့က စတင်၍ ယမန်နေ့အထိထိုးနှံပေးခဲ့ပြီး ပြည်သူ ၄၃၄ ဦးအား စနစ်တကျ ထိုးနှံပြီးစီးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက ဆေးမထိုးမီ သွေးပေါင်ချိန်ခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်းများကို စနစ်တကျ ဆောင်ရွက်ပေးခဲ့ပြီး ပုံမှန်အနေအထားရှိမှသာ ထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေးဌာနမှ သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဦးစားပေး အစီအစဉ်အလိုက် ထိုးနှံပေးလျက်ရှိရာတွင် ယခုဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ပုံပါကျင်မြို့ပေါ်ရပ်ကွက် (၅)ခုနှင့် နမ့်ဟူးခွန်ကျေးရွာ အုပ်စု၊ ဟွေအောကျေးရွာအုပ်စု၊ မိုင်းဟန်ကျေးရွာအုပ်စု အတွင်းရှိ ဒေသခံပြည်သူ ၄၃၄ ဦးကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေး ထိုးနှံပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သန္တာ(ပြန်/ဆက်)