ဇမ္ဗူသီရိ စက်တင်ဘာ ၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသည့် အသက် (၆၅) နှစ်နှင့်အထက် ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများ၊ ပရဟိတစေတနာ့ဝန်ထမ်းများ၊ စားသောက်ဆိုင် ဝန်ထမ်းများ၊ ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများနှင့် စက်ရုံအလုပ်ရုံ ဝန်ထမ်းများအား ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉) နာရီက အမှတ် (၇) အခြေခံပညာ အထက်တန်းကျောင်းတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမျိုးထွန်း၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ အုပ်စိုးလင်းနှင့် ဝန်ထမ်းများ၊ တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတ အဖွဲ့များ၊ ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များက ပူးပေါင်းဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ပါးစပ်နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်စေခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ စနစ်တကျမှတ်တမ်း ရေးသွင်းခြင်းများ ပြုလုပ်ပြီး ပုံမှန်အနေအထား ရောက်မှသာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးပြီး ဆေးထိုးနှံပြီးသူများကိုလည်း မိနစ် ၃၀ ခန့် အနားယူစေကာ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုးနှံပေးသည့် ကာကွယ်ဆေးမှာ တရုတ်နိုင်ငံထုတ်ဖြစ်သည့် (Sinopharm) အမျိုးအစားဖြစ်ကာ ဇမ္ဗူသီရိမြို့နယ် အနေဖြင့် ပထမအကြိမ် ဩဂုတ်လ ၁ ရက်နေ့မှ ဩဂုတ်လ ၅ ရက်နေ့အထိ ကာကွယ်ဆေးထိုးနှံပြီးသည့် ပြည်သူများအား ဒုတိယအကြိမ် ဩဂုတ်လ ၂၉ ရက်နေ့မှ ယနေ့အထိ စုစုပေါင်း ၃၄၂၃ ဦးအား ထိုးနှံပေးခဲ့ပြီးဖြစ်ကာ ယခင်ဩဂုတ်လ ၁၀ ရက်နေ့မှ ဩဂုတ်လ ၁၁ ရက်နေ့အထိ ထိုးနှံပေးပြီးသူများအား စက်တင်ဘာ ၈ ရက်နေ့နှင့် ၉ ရက်နေ့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)