မြဝတီ စက်တင်ဘာ ၅
ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေး တံတားမှတစ်ဆင့် ပြန်လည်ကြိုဆိုလက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှစတင် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့တွင် ၂၀၃ ဦး ဆက်လက် ဝင်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား မြဝတီခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်းနှင့် တာဝန်ရှိသူများက ကြိုဆိုအားပေးကြပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါဆိုင်ရာများအား အသိပညာပေးခြင်း၊ ပြန်လည်ဝင်ရောက်လာသူများ၏ အချက်အလက်များ ကောက်ယူခြင်း၊ ကျန်းမာရေးဌာနမှ ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေးဆောင်ရွက်ပေးခြင်းနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်များသို့ ပြန်လည်ပို့ဆောင်ပေးခြင်းများကို ဆောင်ရွက်ပေးသည်။
ထိုသို့ ထိုင်းနိုင်ငံမှ ပြန်လာသူများအား ယခင်က မြဝတီခရိုင်နှင့် ကော့ကရိတ်ခရိုင်မှ နေရပ်ပြန်များကိုသာ ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေးပေးရာမှ ယခုအခါ ပြန်လာသူအားလုံးအား စစ်ဆေးပေးကာ ရောဂါပိုးရှိသူများအား မြဝတီမြို့ မဲကနယ် ကိုဗစ်စင်တာနှင့် ရွှေမြဝတီ ကိုဗစ်စင်တာတို့တွင် ကုသမှု ခံယူစေမည်ဖြစ်ပြီး ရောဂါပိုးမရှိသူများအား ကျောက်လုံးကြီး ကွာရတင်းစခန်းတွင်(၁၀)ရက်ကန့်သတ်ထားရှိမည်ဖြစ်ကြောင်း သိရသည်။
အခြားသက်ဆိုင်ရာ တိုင်းဒေသကြီးပြည်နယ်များမှ နေရပ်ပြန်များအား သီးသန့်မော်တော်ယာဉ်များဖြင့် သက်ဆိုင်ရာ နေရပ်များသို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး ယနေ့ ပြန်လည်ဝင်ရောက်လာသူများအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးမှ အမျိုးသား ၁၂၃ ဦး၊ အမျိုးသမီး ၈၀ ဦး စုစုပေါင်း ၂၀၃ ဦးရှိကြောင်း သိရသည်။
ထိန်လင်းအောင်