မွန်ပြည်နယ်ဝန်ကြီးချုပ် မီးငြိမ်းသတ်ယာဉ်များ စွမ်းရည်သရုပ်ပြသမှုနှင့် ရွေနတ်တောင် တန် ၂၀ ဆံ့ အောက်ဆီဂျင်(အရည်) စက်ရုံလည်ပတ်မှု ကြည့်ရှုစစ်ဆေး

မော်လမြိုင်     စက်တင်ဘာ ၅

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက် ၉ နာရီက မော်လမြိုင်မြို့၊ စစ်ကဲကုန်းရပ်ကွက် မောရဝတီ  ပန်းခြံရှေ့၌ မွန်ပြည်နယ် မီးသတ်ဦးစီးဌာနသို့ အသစ်ရောက်ရှိလာသော မီးငြိမ်းသတ်ယာဉ် ၄ စီးအား ကြည့်ရှုစစ်ဆေးသည်၊၊

ရှေးဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ်က အသစ်ရောက်ရှိလာသော မီးငြိမ်းသတ်ယာဉ်များကို  အမွှေးနံ့သာရည်များ ပက်ဖျန်းပေးပြီး ပြည်နယ်မီးသတ်ဦးစီးမှူး ဦးစိုးဝင်းက မီးငြိမ်းသတ်ယာဉ်နှင့်  စပ်လျဉ်းသည့် အချက်အလက်များကို ရှင်းလင်းတင်ပြခဲ့ရာ  ပြည်နယ်ဝန်ကြီးချုပ်က ကျန်ရှိနေသော မီးငြိမ်းသတ်ယာဉ်များ အမြန်ဆုံးရောက်ရှိရေး လိုအပ်သော  မြို့နယ်များသို့    ခွဲဝေဖြည့်တင်းပေးရေး လမ်းညွှန်မှာကြားပြီး  မီးသတ်တပ်ဖွဲ့ဝင်များ၏   စွမ်းရည်သရုပ်ပြ   မီးငြိမ်းသတ်မှုများကို  ကြည့်ရှု အားပေးသည်၊၊

မွန်ပြည်နယ် မီးသတ်ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံး၊ ငွေရင်း ရန်ပုံငွေဖြင့် မီးငြိမ်းသတ်ယာဉ် ၁၁ စီး ဝယ်ယူခဲ့ရာ ပထမအသုတ်၄ စီး ရောက်ရှိပြီး ဒုတိယအသုတ်၇စီး ထပ်မံ   ရောက်ရှိမှာဖြစ်ကြောင်း၊ မီးငြိမ်းသတ်ယာဉ် ၁ စီး တန်ဖိုးငွေကျပ်သိန်း ၆၅၀ဖြစ်ပြီး SINO Truck  HOWO ယာဉ်အမျိုးအစားဖြစ်ကာ  မြင်းကောင်ရေ ၁၆၀ အားကို ရေနှင့်အမြှုပ်ဆေးရည် တွဲဖက် အသုံးပြုနိုင်သည်၊၊ 

ဆက်လက်၍  ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်  မော်လမြိုင်မြို့၊ ရွှေနတ်တောင် ၊ ရေသန့်စင် စက်ရုံဝင်းအတွင်း   မွန်ပြည်နယ်အစိုးရအဖွဲ့   ရန်ပုံငွေဖြင့်    တည်ဆောက်ထားသည့်      တန်၂၀ဆံ့ အောက်ဆီဂျင်(အရည်) စက်ရုံမှ ၄၀လီတာအိုးများသို့ အောက်ဆီဂျင်ဖြည့်တင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး ကိုဗစ်-၁၉ ရောဂါအရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းအတွက် အောက်ဆီဂျင်များ လုံလောက်စွာ ထုတ်လုပ်နိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်၊၊

အဆိုပါ တန်၂၀ဆံ့ အောက်ဆီဂျင်(အရည်) စက်ရုံမှ ၁နာရီလျှင် အောက်ဆီဂျင် ၄၀လီတာအိုး အလုံး၅၀ ထုတ်လုပ်ပေးနိုင်မည့်အပြင် မော်လမြိုင် အထွေထွေရောဂါကုဆေးရုံကြီး၊ မြို့နယ်ပြည်သူ့ဆေးရုံများနှင့် ပုဂ္ဂလိက အောက်ဆီဂျင် စက်ရုံများမှလည်း လိုအပ်သည့် အောက်ဆီဂျင်များ လုံလောက်စွာ ထုတ်လုပ်ပေးလျက်ရှိကြောင်း သိရသည်၊၊

 

ခရိုင်(ပြန်/ဆက်)