ရေဦးတွင် ကိုဗစ် ၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်(နှစ်ကြိမ်ပြည့်)ထိုးနှံခြင်း ဆက်လက်ဆောင်ရွက်

ရေဦး  စင်တင်ဘာ ၅

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ်တွင် ပထမအကြိမ် ကိုဗစ် ၁၉ ကာကွယ်ဆေး ထိုးနှံထားပြီးသူများအား  ဒုတိယအကြိမ် (နှစ်ကြိမ်ပြည့်) ကာကွယ်ဆေး  ဆက်လက်ထိုးနှံပေးခြင်းကို  ယမန်နေ့နံနက် ၉ နာရီက တောင်သူစုဝေးခန်းမ၊ အားကစားရုံ၊ အထက(၁) ကံကော်ဆောင်ခန်းမ တို့တွင် အသီးသီး  ဆောင်ရွက်ပေးလျက်ရှိသည်။

ရပ်ကွက်ကျေးရွာအုပ်စု ၆၇ အုပ်စုမှ မိဘပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးရာတွင်  လူစုလူဝေး မဖြစ်စေရန် ကျန်းမာရေး၀န်ကြီးဌာန စည်းကမ်းချက်များနှင့်အညီ ဆေးထိုးရန် လာရောက်သူများနေရာ၊  စာရင်းပေးသွင်းရန်နေရာ၊ ဆေးထိုးရန် စောင့်ဆိုင်းရန်နေရာ ဆေးထိုးပြီး နားရန်နေရာများကို social distancing အတိုင်း သီးခြားနေရာ သတ်မှတ်ပေးထားသည်။  ထို့ပြင်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်/ဆက်ဦးစီးဌာန၊ ကျန်းမာရေး၊ မီးသတ်နှင့် ဘော်လန်တီယာများမှ ဆေးထိုးလာကြသော   မိဘပြည်သူများအား  ဆေးမထိုးမီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊  လက်ဆေးပြီးမှ ဆေးထိုးရန် နေရာသို့ ၀င်ရောက်စေခြင်း၊  လိုအပ်ပါက အောက်ဆီဂျင်နှင့် သွေးပေါင်ချိန်တိုင်းပေးခြင်း၊ တစ်ဦးချင်းအမည်ခေါ်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။  အကယ်၍ ဆေးထိုးရမည့်ရက်တွင်  ကျန်းမာရေး  တစ်စုံတစ်ရာ ဖြစ်ပွားနေပါက  သက်ဆိုင်ရာ   ကျန်းမာရေးမှုးနှင့် ဆွေးနွေးကာ ကျန်းမာရေးမှုး၏ အကြံပြုချက်အတိုင်း လိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။

ရေဦးမြို့နယ်တွင်  ဖေဖော်၀ါရီလက အိန္ဒိနိုင်ငံထုတ် ကိုဗစ်ရှီး  ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူ ဦးရေ ၄၂၀၀ ဦးရှိခဲ့ကြောင်း၊ မတ်လမှ ယနေ့အထိ တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး စီနိုဖမ်း နှစ်ကြိမ်ထိုးနှံပြီးသူ  ၂၇၂၀ ဖြစ်ကြောင်း၊  ကာကွယ်ဆေးနှစ်ကြိမ်ထိုးရမည့်  စုစုပေါင်းလူဦးရေ  ၅၇၀၀ ဦးဖြစ်ပြီး  စက်တင်ဘာလတွင် အပြီးထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ အားလုံးပေါင်းလျှင် ၉၉၀၀ ဦးဖြစ်ကြောင်း မြို့နယ်ကိုဗစ် ၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၀င် ကျန်းမာရေးဌာန တာ၀န်ရှိသူတစ်ဦးက ပြောသည်။

သန်းထိုက် ( ရေဦး )