မုံရွာမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

မုံရွာ စက်တင်ဘာ ၅

မုံရွာမြို့နယ်အတွင်းရှိ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ၊ သံဃာ‌တော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် အသက်(၆၅)နှစ်နှင့်အထက် အသက်အရွယ် ကြီးရင့်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပြည်သူများအတွက် ကိုဗစ်-၁၉ရောဂါ မပြန့်ပွားမကူးစက်ရန်အတွက် အထူးအလေးထားကာ နိုင်ငံတော်မှ ထောက်ပံ့သည့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို စဥ်ဆက်မပျက် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်(၉)နာရီမှ နေ့လယ်(၁)နာရီအထိ မုံရွာမြို့ပေါ်ရှိ  တိုင်းဒေသကြီး ပြည်သူ့အားကစားကွင်း အတွင်းရှိ ဖူဆယ်အားကစားရုံခန်းမတွင် တိုင်းအားကစားကွင်း (ဖူဆယ်)၊ ကျား(၁၃၇)ဦး၊ မ(၆၁)ဦး၊ ပေါင်း(၁၉၈)ဦး နှင့် မိုးလုံလေလုံ အားကစားရုံခန်းမတွင်  ကျား(၁၇၄)ဦး၊ မ(၂၄၈)ဦး၊ ပေါင်း(၄၂၂)ဦး၊ အခြေခံပညာအထက်တန်းကျောင်း(အလုံ)တွင် ကျား(၁၁၁)ဦး၊ မ(၁၂၆)ဦး၊ ပေါင်း(၂၃၇)ဦး၊ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနရုံးတွင် ကျား(၉၅)ဦး၊ မ(၁၂၈)ဦး၊ ပေါင်း(၂၂၃)ဦး စသည့် ဆေးထိုးစုရပ် (၄)နေရာတို့တွင် ဦးတည်အုပ်စု(၁၂)စုမှ ဦးစားပေးအလိုက် ကျား(၅၁၇)ဦး၊ မ(၅၆၃)ဦး၊ ပေါင်း (၁၀၈၀)ဦးတို့အား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ (ဒုတိယအကြိမ်) ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ် ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ ၊မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်း၊ အောက်ဆီဂျင်တိုင်းတာ စစ်ဆေးခြင်းနှင့် ကျန်းမာရေးရောဂါ ရှိ/မရှိ စစ်ဆေးခြင်းများကို ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကာ စိတ်ချရသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို စနစ်တကျ ထိုးနှံပေးခဲ့ကြပြီး ဆေးထိုးပြီးသူများအား မိနစ်(၃၀)နားနေစေကာ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ခဲ့ကြရာ ကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေများအား ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ခရိုင်(ပြန်/ဆက်)