မြို့သစ်မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ပြုလုပ်ပေးလျက်ရှိ

မြို့သစ် စက်တင်ဘာ ၅

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ၂၀၂၁ ခုနှစ်၊ မေ ၃ ရက်မှစတင်၍ ပန်းခင်းစီမံချက်ဖြင့်   မြို့နယ်အတွင်းရှိ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အခမဲ့ပြုလုပ် ပေးလျက် ရှိကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ သိရသည်။

ထိုသို့ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးရာတွင် လက်ရှိဇာတိမြေတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများ၊ လက်ရှိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းမရှိ၊ ကိုင်ဆောင် လက်မှတ်မရှိသူများ၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေ စာရင်းရှိသော်လည်း လက်ရှိဒေသတွင် ကိုင်ဆောင် လက်မှတ်မရှိသူများ၊ ရွှေ့ပြောင်း နေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိ၊ လက်ရှိဒေသ တွင်လည်း    အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်းဖြစ်ကာ အသက်(၁၆)နှစ်အထက် နိုင်ငံသား စိစစ်ရေးကတ် တစ်ကြိမ်တစ်ခါမျှ မပြုလုပ်ရသေးသူ အားလုံးကိုလည်း ရပ်ကွက်/ကျေးရွာအုပ်စုများသို့ ကွင်းဆင်း၍လည်းကောင်း၊ မြို့နယ်ဦးစီးဌာနမှူးရုံးတွင်လည်းကောင်း ပိတ်ရက်မရှိ အခမဲ့ ဆောင်ရွက်ပေးလျက်ရှိသည်။

မြို့သစ်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု(၅၂)အုပ်စု၊ ကျေးရွာပေါင်း (၁၈၀)ရှိရာ ပန်းခင်း စီမံချက်ဖြင့် စက်တင်ဘာ ၃ ရက်အထိ  အသက်(၁၆)နှစ်နှင့် (၁၈)နှစ်ကြား နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်သူ (၁၅၀)ဦး၊ အသက် (၁၈)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်သူ (၂၅၉)ဦး၊ အသက် (၁၀)နှစ်ပြည့်ကတ်ပြားမှ အသက်(၁၈)နှစ်ပြည့် ကတ်ပြားလဲလှယ်သူ (၆၁၉)ဦး၊  နိုင်ငံသားစိစစ်ရေး ကတ်ပြား ပျောက်ဆုံး/ပျက်စီး သူများအား ပြန်လည်ထုတ်ပေးသည့် အရေအတွက် (၂၉၆)ဦးရှိကာ တစ်မြို့နယ်လုံး စုစုပေါင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးပြီးသူ (၁၃၂၄)ဦးရှိပြီး အိမ်ထောင်စု လူဦးရေစာရင်းထုတ်ပေးပြီးသူ (၃၉၁)စုရှိကြောင်း  မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှူး ဦးတင်စိုးထံက သိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)