မော်လိုက်-တွန်းပင်ကျေးရွာသွားလမ်းအား ကွန်ကရစ်လမ်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေမှု တို့ကို ကြည့်ရှုစစ်ဆေး

 

မော်လိုက် စက်တင်ဘာ ၅

 

စစ်ကိုင်းတိုင်းဒေသကြီး၊မော်လိုက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တူ ယမန်နေ့ နံနက် ပိုင်းက တိုင်းဒေသကြီး ငွေလုံငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် မော်လိုက်-တွန်းပင် ကျေးရွာသွားလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေမှုတို့အား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ကွင်းဆင်းစစ်ဆေးရာတွင် ကုမ္ပဏီမှတာဝန်ရှိသူများအား လုပ်ငန်းသုံးပစ္စည်းများ အရည် အသွေး ပြည့်မီရေး၊ စက်ယန္တရား အသုံးပြုမှုအခြေအနေများ၊ သတ်မှတ်ကာလအတွင်း လုပ်ငန်းများ ရာခိုင်နှုန်းပြည့် ပြီးစီးရေးနှင့် လုပ်ငန်းခွင်အတွင်း ရောဂါဖြစ်ပွားမှုများ မဖြစ်ပေါ်စေရန် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ စီစဉ်ဆောင်ရွက်ထားရှိရန်တို့ကို ဖြည့်စွက်မှာကြားခဲ့သည်။

 

အဆိုပါ မော်လိုက်-တွန်းပင်ကျေးရွာသွားလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ခြင်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၂၇၀)ဖြင့် အလျား(၁) မိုင် (၁) ဖာလုံ၊ အကျယ်(၁၂)ပေ၊ (၇)လက်မထု ရှိ ကွန်ကရစ်လမ်းခင်း ခြင်းလုပ်ငန်းကို တင်ဒါအောင်မြင်သည့် ထူးသန့်လွင်ကုမ္ပဏီမှ တာဝန်ယူကာ ဇွန်လပိုင်းမှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းပြီးစီးမှုအနေဖြင့် ၃၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း တာဝန်ခံအင်ဂျင်နီယာ ဦးစိုင်းနေလင်းဦး ပြောကြားချက်အရ သိရသည်။

 

ဆက်လက်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် အဖွဲ့ဝင် များသည် သီဟသန့်ဟိန်းကျောက်မီးသွေးတူးဖော်ရေးကုမ္ပဏီ ရိပ်သာတွင် မြို့နယ်အတွင်းရှိ ကျောက်မီးသွေးတူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကုမ္ပဏီ တာဝန်ခံများနှင့် တွေ့ဆုံကာ ကုမ္ပဏီတစ်ခုချင်းစီ၏ ထုတ်လုပ်ခွင့်ရရှိထားမှုအခြေအနေများ၊ မျောစာရရှိထားမှုနှင့် သယ်ယူရန် ကျန်ရှိသည့် အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ကြပြီး သတ္ထုတူးဖော်ရေးဌာနတာဝန်ခံအနေဖြင့် ကျောက်မီးသွေးတင်ဆောင်နေသည့်အခါ စစ်ဆေးခြင်းများ ဆောင်ရွက်သွားရန်၊ ကုမ္ပဏီများ အနေဖြင့်လည်း ထုတ်လုပ်သည့်အခါ သဘာဝပတ်ဝန်းကျင်တွေ မထိခိုက်အောင် အလေးထား ဆောင်ရွက်သွားရန်၊ တရားမဝင်ပစ္စည်းများ တင်ဆောင်ခြင်းများ မရှိစေရေးအထူးအလေးထား ရှောင်ကြဉ်သွားရန်၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနှင့် လုပ်ငန်းခွင်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားမှု မရှိစေရန် ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို ဆောင်ရွက်ထားရှိရန် မှာကြား ခဲ့ပြီး ကျောက်မီးသွေးတင်ဆောင်နေမှုတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

မော်လိုက်သားလေး