ပုလဲမြို့နယ်တွင် ပထမအကြိမ်  ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm)ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိ

ပုလဲ စက်တင်ဘာ ၅

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပုလဲရတနာခန်းမ၌ စက်တင်ဘာ ၄ရက်၊နံနက်၉နာရီက ပထမအကြိမ်  ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ( Sinopharm ) ထိုးနှံခဲ့သော အသက်(၆၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ အပါအဝင် ဦးတည်အုပ်စုများအလိုက် သတ်မှတ် ထားရှိသူများအား   မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်  အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏  ကြီးကြပ်မှုဖြင့်  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့  ကိုဗစ် - ၁၉ရောဂါကာကွယ်ဆေး( Sinopharm ) ထိုးနှံပေးရာတွင် ကာကွယ်ဆေး  လာရောက် ထိုးနှံသူများကို ကာကွယ်ဆေးမထိုးပေးမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်းနှင့် ကာကွယ်ဆေးထိုး မှတ်တမ်းများ ရေးသွင်းခြင်းများ ပြုလုပ်ပြီးနောက် အသက်(၆၅)နှစ်နှင့် အထက်ရှိသူများ၊ အစိုးရ/ ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ရဟန်း/ သံဃာ/ သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိက ပို့ဆောင်ရေးလုပ်ငန်းများတွင် ဆောင်ရွက်နေသည့် ယာဉ်မောင်း/ယာဉ်နောက်လိုက်များ၊ ဈေးရောင်း/ဈေးဝယ်များ စသည့်ဖြင့်  ဦးတည်အုပ်စုများအလိုက် သတ်မှတ်ထားရှိသူများကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက ဒုတိယအကြိမ် ထိုးနှံပေးခြင်း ဖြစ်သည်။

ပုလဲမြို့နယ်၌   သြဂုတ်  ၃ ရက်နေ့နှင့်၄ရက်နေ့က ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံ ပေးခဲ့သော အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ အပါအဝင် ဦးတည်အုပ်စုများအလိုက်  သတ်မှတ်ထားရှိသူများ အနက်   ( ၆၄၅ ) ဦးကို စက်တင်ဘာ ၄ ရက်နေ့တွင် ဒုတိယအကြိမ်   ထိုးနှံပေးနိုင်ခဲ့ပြီး ဒုတိယအကြိမ် ထိုးနှံရန်    ကျန်ရှိနေသူများကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်၍ ထိုးနှံပေးမည် ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm) ဒုတိယအကြိမ်  ထိုးနှံပေးနေမှု အခြေအနေများကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်း‌ဇော်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးလှထွဋ်နောင်နှင့် ဌာနဆိုင်ရာ  တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့သည်။

 

ထိုအပြင်    ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးနှင့်  ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် အသိပေး နှိုးဆော်မှုများနှင့် ဈေးရောင်း/ ဈေးဝယ်သူများအား  ပါးစပ်၊ နှာခေါင်းစည်း ( Mask )များ  အခမဲ့  ဖြန့်ဝေခြင်း လုပ်ငန်းကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊  မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့်  မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း  မြို့နယ်COVID-19  ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

 

မင်းခန့်စိုး(ဇေယျာမြေ)