ဆိပ်ဖြူ စက်တင်ဘာ ၅
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ သပြေကျေးရွာအနီး ဆိပ်ဖြူ-ဆော ကားလမ်းမပေါ်ရှိ တံတားတစ်စင်းသည် စက်တင်ဘာလ ၂ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကမ်းကပ်ခုံနှင့် ဘဲတောင်ပံ ရေတိုက်စားမှု ဖြစ်ပွားခဲ့သည်။
အဆိုပါရေတိုက်စားခံခဲ့ရသည့် ဆိပ်ဖြူ-ဆောသွားလမ်းပေါ်ရှိ မိုင်တိုင်အမှတ် (၁၉/၀-၁)ကြားရှိ တံတားအမှတ် (၁/၂၀) (၁၅)ပေအရှည် ကျောက်စီကမ်းကပ်ခုံ (၁၇)ပေနှင့် ဘဲတောင် (၁၅)ပေ ရေတိုက်စားခဲ့သဖြင့် မြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ယူပြီး အများပြည်သူများအသွားအလာခက်ခဲမှုမရှိစေရေးအတွက် အမြန်ပြန်လည် ပြုပြင်ထိန်းသိမ်း တည်ဆောက်လျက်ရှိသည်။
လမ်းပန်းဆက်သွယ်ရေး အခက်အခဲမရှိစေရေးအတွက် မြို့နယ်လမ်းဦးစီး ဌာနမှ လုပ်သားအင်အား၊ စက်ယန္တရားများဖြင့် အမြန်ပြုပြင်တည်ဆောက်နေမှုများအား ခေတ္တလေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အံ့ကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဥက္ကဋ္ဌ ဦးအောင်ကျော်အေး၊ အဖွဲ့ဝင် ဗိုလ်မှူးမျိုးဝင်း၊ သက်ဆိုင်ရာ ဌာနဆိုင်ရာ အကြီးအကဲများက သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် သွားကြရန်နှင့် အများပြည်သူများ သွားလာရေးအခက်အခဲမဖြစ်အောင် အမြန်ပြီးဆောင်ရွက်သွားရေး မှာကြားခဲ့ကြောင်း သိရှိရသည်။
ကိုမျိုး (ယောဧရာ)