ရသေ့တောင်မြို့နယ်၌ ဦးစားပေးအုပ်စုတွင်ပါဝင်သည့် ပြည်သူများအား ဒုတိယအကြိမ်ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

ရသေ့တောင်    စက်တင်ဘာ ၅

 

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ ပထမအကြိမ်ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခဲ့သည့် အသက်(၆၅)နှစ် နှင့်အထက်သက်ကြီးရွယ်အိုများနှင့် ဦးစားပေးအုပ်စုတွင်ပါဝင်သည့် ပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းကို သတ်မှတ်စုရပ်အသီးသီးတွင် နံနက် ၉နာရီမှ ညနေ ၄ နာရီထိ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ ကိုဗစ်-၁၉ကာကွယ်ဆေးများထိုးနှံပေးရာတွင် ပထမအကြိမ်ထိုးနှံခဲ့သည့် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ ရဟန်းသံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများ၊ ပုဂ္ဂလိက စက်ရုံအလုပ်ရုံဝန်ထမ်းများစသည် ဦးစားပေးအုပ်စုတွင်ပါဝင်သူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိပြီး ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများက လိုအပ်သည်များကို ပူးပေါင်း ကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။

 

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များက လှည့်လည် ကြည့်ရှုပြီး ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်ကာကွယ်ဆေး  (၂)ကြိမ်ထိုးနှံပြီးသော်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်း ချက်များကို လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

 

ရသေ့တောင်မြို့နယ်တွင် ပထမအကြိမ်ကိုဗစ်-ကာကွယ်ဆေးထိုးနှံပြီးစီးခဲ့သည့် အသက်(၆၅)နှစ်နှင့် အထက် သက်ကြီးရွယ်အိုများနှင့် ဦးစားပေးအုပ်စုတွင်ပါဝင်သူ(၄၇၁၂)ဦးရှိသည့်အနက် စက်တင်ဘာ ၃ ရက်နေ့ထိ   (၂၁၇၁)ဦးတို့အား ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

အောင်စံထွန်း (ပြန်/ဆက်)