မော်လိုက် စက်တင်ဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၌ မိုးစပါးတစ်ဧကအထွက်နှုန်း တိုးတက်ရေး အတွက် တောင်သူနည်းပညာပေးကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက် ၉ နာရီက တွန်းပင်ကျေးရွာ တောင်သူဦးမြင်စိုး၏ စံပြကွက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ကွင်းသရုပ်ပြပွဲတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကံဆောင်နှင့် မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးတို့က မိုးစပါးတစ်ဧကလျှင် အထွက်နှုန်း တင်း(၁၀၀)ရရှိရေးအတွက် တောင်သူများ အနေဖြင့် မျိုးကောင်းမျိုးသန့် သုံးစွဲရေး၊ နည်းပညာများကို အပြည့်အဝ လိုက်နာကျင့်သုံးရေးနှင့် သွင်းအားစုများ သုံးစွဲရေး စသည့် အချက်သုံးချက်ကို လိုက်နာဆောင်ရွက်ခြင်းဖြင့် မိုးစပါး တစ်ဧက လျှင် တင်း(၁၀၀) ထွက်ရှိနိုင်ကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်သူများအတွက် မျိုးကောင်းမျိုးသန့်များ ရရှိစေရန် စိုက်ပျိုးရေးဦးစီးဌာနအောက်ရှိ မျိုးစေ့ထုတ်ခြံများနှင့် ဆက်သွယ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နည်းပညာများ အပြည့်အဝလိုက်နာကျင့်သုံးနိုင်စေရန် ကွင်းဆင်း ပညာပေးခြင်း၊ တောင်သူများ နည်းပညာများကို လိုက်နာကျင့်သုံးစေရန် စံပြကွက်၊ စမ်းသပ်ကွက် များ စိုက်ပျိုးပြသခြင်း၊ စိုက်ပျိုးသီးနှံများ စျေးကောင်း ရရှိစေရန် ခိုင်မာသည့် စျေးကွက်များ ရှာဖွေ ဆောင်ရွက်ပေးခြင်းနှင့် ကြားပေါင်းလိုက်သမန်းနိုးကရိယာများ အခမဲ့ငှားရမ်းပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် မော်လိုက်မြို့နယ်တွင် တောင်သူများအနေဖြင့် ဆင်းသုခ၊ မနောသုခနှင့် ဆင်းဧကရီ(၃) စသည့် စပါးမျိုးများကို အများဆုံး စိုက်ပျိုးလျက်ရှိကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါ ကွင်းသရုပ်ပြပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင် နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်းနှင့် အဖွဲ့ဝင် များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တောင်သူများ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူ များအား ခရိုင်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက ပါးစပ်၊နှာခေါင်းစည်းများ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မော်လိုက်သားလေး