ဆိပ်ဖြူမြိုနယ်၌ ချစ်ချောင်းရေတိုက်စားခြင်းကြောင့် လျှပ်စစ်မီးတိုင်များ ယိုင်လဲ၍ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့သဖြင့် လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိရေးဆောင်ရွက်

 
ဆိပ်ဖြူ စက်တင်ဘာ ၅
 
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် စက်တင်ဘာလ ၂ ရက်နေ့ နံနက်အစောပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ဆိပ်ဖြူမြို့မှ ဒေါသာ ကျေးရွာသို့ သွယ်တန်းထားသည့် 11 kv ဓာတ်အားလိုင်းသည် ဆင်နီတောင်ကျေးရွာနှင့် ဒေါသာကျေးရွာကြားရှိ ချစ်ချောင်း ရေတိုက်စားခြင်း ကြောင့် လျှပ်စစ်ဓာတ်အားပို့လွှတ်သည့် ဓာတ်အားတိုင်များ လဲပြို၍ ဒေါသာကျေးရွာ၌ လျှပ်စစ်ဓာတ်အားပြတ်တောက်ခြင်းဖြစ်ပေါ်ခဲ့သည်။
အဆိုပါမိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ဆိပ်ဖြူ - ချောင်းမကြီး -အရှေ့ကံတွင်းကျေးလက်ဖွံ့ဖြိုးရေးလမ်းပေါ်ရှိ ချောင်းမကြီး ကျေးရွာနှင့် မယ်ဇလီကွေ့ကျေးရွာကြားရှိ ကွန်ကရစ်ရေကျော်တစ်ခု၊ ဆင်နီတောင် ကျေးရွာနှင့် ဒေါသာကျေးရွာကြား ချစ်ချောင်း ကွန်ကရစ် ရေကျော်များ ရေတိုက်စားပြီး ဆင်နီတောင်ကျေးရွာနှင့် ဒေါသာကျေးရွာအကြား လျှပ်စစ်ဓာတ်အား ပို့လွှတ်ထားသည့်11 kv ဓာတ်အားလိုင်း ဓာတ်အားတိုင်များ လဲပြိုခဲ့ပြီး ဒေါသာကျေးရွာနေ ဒေသခံပြည်သူများ လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိနိုင်ရေးအတွက် ဆိပ်ဖြူမြို့နယ် လျှပ်စစ်မှူး ဦးစန်းဦးနှင့် ဝန်ထမ်းများ ကျေးရွာမီးလင်းရေး ကော်မတီဝင်များ ဒေသခံပြည်သူများက ချစ်ချောင်းရေပြန်လျော့ ကျသွားချိန် စက်တင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ချစ်ချောင်းအတွင်း ယိုင်လဲနေသည့် ဓာတ်တိုင်များ အားပြန်လည် ပြုပြင်ဆောင်ရွက်ပေးပြီး စက်တင်ဘာ ၄ ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် ဒေါသာကျေးရွာပြည်သူ များအတွက် လျှပ်စစ်ဓာတ်အားများပြန်လည် ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း ၊ ဆိပ်ဖြူ -ချောင်းမကြီး -အရှေ့ကံတွင်း ကျေးလက် ဖွံ့ဖြိုးရေးလမ်းပေါ်ရှိ ချစ်ချောင်းရေကျော်နှင့် မယ်ဇလီကွေ့ ရေကျော်များ ထိခိုက်ပျက်စီးမှုကို သက်ဆိုင်ရာကျေးလက်လမ်းဦးစီးဌာနမှ ကွင်းဆင်း၍ ဒေသခံပြည်သူများ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့ စေရန် ရှောင်ကွင်းလမ်းများကို ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ပေး ခဲ့ကြောင်း သိရှိရသည်။
ကိုဇွဲ ( အညာမြေ)