ပွင့်ဖြူ စက်တင်ဘာ ၄
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် အသက်(၆၅)နှစ်နှင့် အထက် အသက်အရွယ်ကြီးရင့်သူများ အပါအဝင် အသက်(၁၈)နှစ်အထက် ပြည်သူများကို ဦးစားပေးအုပ်စုအလိုက် ဩဂုတ်(၂၉)ရက်နေ့မှ စတင်၍ ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယနေ့အထိ စုစုပေါင်း ကာကွယ်ဆေးလာရောက်ထိုးနှံသူဦးရေ ၂၃၆၁ ဦး ရှိပြီ ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
အဆိုပါ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံဆောင်ရွက်ပေးရာတွင် အသက်အရွယ်ကြီးရင့်သူများနှင့် အကြောင်းအမျိုးမျိုးကြောင့် သွားလာရေး အခက်အခဲရှိသော ပြည်သူများ အဆင်ပြေစွာ ကာကွယ်ဆေးထိုးနှံနိုင်ရေး အတွက် ဆေးထိုးစုရပ်(၄)နေရာခွဲ၍ ထိုးနှံပေးလျက်ရှိပြီး အဆိုပါဆေးထိုးစုရပ်(၄)နေရာတွင် ယနေ့ ကာကွယ်ဆေး လာရောက်ထိုးနှံသူဦးရေ ၆၆၈ ဦး ရှိကြောင်း သိရသည်။ ကာကွယ်ဆေးလာရောက်ထိုးနှံကြသူများ စိတ်အေးချမ်းသာစွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ် Volunteer အဖွဲ့ဝင်များက လိုအပ်သည်များကို နေ့စဉ် ကူညီဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး ယခု ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းကို စက်တင်ဘာ(၉)ရက်နေ့အထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ပထမအကြိမ် ကာကွယ်ဆေး(Sinopharm)ထိုးနှံပေးခြင်းကို အသက်(၆၅)နှစ်နှင့် အထက် အသက်အရွယ်ကြီးရင့်သူများ ၊ သံဃာတော်များနှင့် သီလရှင်များ ၊ နိုင်ငံ့ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုဝင်များ ၊ အခြား ပုဂ္ဂလိကမှ ဝန်ထမ်းများ ၊ ဟိုတယ်မိုတယ်မှ ဝန်ထမ်းများ ၊ အကျဉ်း/အချုပ်သားများ ၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူများ ၊ Volunteer အဖွဲ့ဝင်များ ၊ ဈေးသည်များနှင့် အသက်(၁၈)နှစ်အထက်ရှိ ပြည်သူများကို ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးခဲ့ရာ စုစုပေါင်းဦးရေ ၆၀၉၂ ဦး လာရောက်ထိုးနှံခဲ့ကြောင်း သိရသည်။ အဆိုပါ ပထမအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံခဲ့သူများကို ယခု ဒုတိယအကြိမ် ထိုးနှံပေးခြင်းဖြစ်ကြောင်းနှင့် ဩဂုတ်(၂၉)ရက်နေ့မှ ယနေ့အထိ ကာကွယ်ဆေးလာရောက်ထိုးနှံသူဦးရေ စုစုပေါင်း (၂၃၆၁) ဦး ရှိပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်ထံ သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )