ပခုက္ကူမြို့နယ်၊ နုံးပို့ကျေးရွာ၌ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် စေတီတော်များ ပြိုကျပျက်စီးမှုနှင့် ကျေးရွာတွင်း ရေဝင်ရောက်မှုအခြေအနေတို့အား ကွင်းဆင်းကြည့်ရှု

ပခုက္ကူ  စက်တင်ဘာ ၄

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ရှားပင်ကျေးရွာအုပ်စု၊ နုံ့းပို့ကျေးရွာ၌ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် စေတီတော်များနှင့်အာရုဏ်ခံတန်ဆောင်းတော်ပြိုကျပျက်စီးမှုနှင့် ကျေးရွာတွင်း ရေဝင်ရောက်မှုအခြေအနေတို့ကို ပခုက္ကူခရိုင် ဘေးအန္တရာဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်သန္တာရွှေနှင့် ဝန်ထမ်းများ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ ဓာတ်ပုံကျွမ်းကျင်-၂ ဦးကီးလိန်းဖေ၊ ဒေသခံအရပ်ဘက်လူမှုရေးအသင်းအဖွဲ့များက ယနေ့ နံနက် ၉နာရီအချိန်က ကွင်းဆင်းကြည့်ရှုကြသည်။

ပခုက္ကူမြို့နယ်၊ ရှားပင်ကျေးရွာအုပ်စု၊ နုံ့းပို့ကျေးရွာရှိ ဉာဏ်တော်ကိုးတောင်၊ လုံးပတ်တော် (၂၈)တောင်ရှိသည့် လေးဆူတော်စေတီတစ်ဆူနှင့် ဗုဒ္ဓရုပ်ပွားတော်လေးဆူ၊ ဉာဏ်တော်(၂၇)တောင်၊ လုံးပတ်တော်(၈၀)တောင်ရှိသည့် ရှစ်မျက်နှာ စေတီတော်တစ်ဆူနှင့် ဗုဒ္ဓရုပ်ပွားတော်ရှစ်ဆူ၊ အလျားပေ(၆၀)၊ အနံပေ(၆၀)၊ အမြင့်(၁၅)ပေရှိ သွပ်မိုး၊အုတ်ခင်း၊ သစ်မာ၊ သစ်လုံးတိုင်တို့ဖြင့် တည်ဆောက်ထားသည့် အာရုဏ်ခံတန်ဆောင်တော် စသည့် ရှေးဟောင်းစေတီတော်များနှင့် အဆောက် အဦးတို့မှာ မိုးသည်းထည်စွာရွာသွန်းပြီး ဧရာဝတီမြစ်ရေမြင့်တက်လာကာ မြစ်ရေတိုက်စားမှုတို့ကြောင့် စက်တင်ဘာလ ၂ ရက် မွန်းလွဲ ၂နာရီအချိန်က ပြိုကျပျက်စီးခဲ့ကြောင်း၊ နုံ့းပို့ကျေးရွာတွင် အိမ်ခြေ(၃၉)အိမ်၊ အိမ်ထောင်စု (၄၈)စုနှင့် လူဦးရေ (၂၂၁) ဦး ရှိပြီး ရေပေါ်ကျွန်းများ၌သာ စိုက်ပျိုးလုပ်ကိုင် စားသောက်လျက်ရှိကြကြောင်း၊ ၂၀၂၁ခုနှစ်၊ စက်တင်ဘာလ ၂၀ရက်မှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းပြီး ဧရာဝတီမြစ်ရေတိုက်စားမှုတို့ကြောင့် ကျေးရွာရှိ ရွာဦးဘုန်းတော်ကြီးကျောင်းအပါအဝင် လူနေအိမ် အားလုံး၌ ရေဝင်ရောက်လျက်ရှိကြောင်း၊ ယခုအခါ ကျေးရွာပြည်သူအားလုံး၏ စိုက်ပျိုးမြေများမ (၁၅)ဧကလောက်သာ ကျန်ရှိကြောင်း၊ ကျေးရွာရှိ လူတစ်ချို့နှင့်ကျွဲ၊နွားတိရစ္ဆာန်များမှာ ဥယျာဉ် ကျေးရွာတွင် ယာယီတဲများတည်ဆောက်ပြီး ပြောင်းရွှေ့ နေထိုင်ကြကြောင်း၊ ကျေးရွာသမိုင်း အထောက်အထား စာရွက်စာတမ်းများနှင့် ရှေးဟောင်းပစ္စည်းများ မပျောက်ပျက်စေရေး စနစ်တကျထိန်းသိမ်း ထားကြောင်း၊ ဧရာဝတီမြစ်ရေ ပိုမိုမြင့်တက်လာပါက ကျေးရွာလုံးကျွတ်ပြောင်းရွှေ့ ရမည်ဖြစ်သော်လည်း အတည်အကျပြောင်းရွှေ့နေထိုင်ရာ မြေနေရာအခက်အခဲရှိသေးကြောင်း၊ ပြောင်းရွှေ့နေထိုင်ရမည်ဆိုပါက မြေနေရာအတွက် အခက်အခဲမဖြစ်ပေါ်စေရန်  ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးစေလို ကြောင်း နုံ့းပို့ကျေးရွာ၊ ရွာခွဲတာဝန်ခံ ဦးအောင်ဆန်းလွင်က ပြောသည်။

ထို့နောက် ပခုက္ကူခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်သန္တာရွှေက ဧရာဝတီမြစ်ရေ တိုက်စားပြီး ပျက်စီးဆုံးရှုံးသွားသည့် ရှေးဟောင်းစေတီတော်များနှင့်အဆောက်အဦးတို့၏ အချက်အလက်များကို စနစ်တကျ စာရင်းပြုစုတင်ပြကြရန်နှင့် ဌာနအနေဖြင့် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ကြေးပေးနေသည့်အကြောင်း၊ ဒေသခံအရပ် ဘက်လူမှုရေးအသင်းအဖွဲ့တာဝန်ခံ ဦးရဲထွဋ်က ရေဘေးသင့်ပြည်သူများအား အခြေခံစားသောက်ကုန်ပစ္စည်းများနှင့် အခြား အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ကူညီသွားမည့်အကြောင်းတို့ကို ရှင်းလင်းပြောကြားကြသည်။

ဆလိုင်းကိုကီး