ရန်ကုန်မြို့တော်ဝန် ဒလမြို့နယ်ရှိ အောက်ဆီဂျင်ထုတ်စက် လည်ပတ်ဖြန့်ဖြူးပေးနေမှု လုပ်ငန်းများကြည့်ရှုစစ်ဆေး

ရန်ကုန် စက်တင်ဘာ ၄

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဌ မြို့တော်ဝန် ဦးဗိုလ်ဌေးသည် ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးညီညီ၊ ကော်မတီဝင်များနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲ ၁ နာရီက ဒလမြို့နယ်ရှိ အောက်ဆီဂျင်ထုတ်စက်ရုံ၌  အောက်ဆီဂျင်ထုတ် စက်တပ်ဆင်ပြီးစီး၍ စတင်လည်ပတ် ဖြန့်ဖြူးပေးနေမှုနှင့် ကျန်စစ်သားရပ်ကွက်ရှိ နောက်ဆုံးစွန့်ပစ်အမှိုက်ပုံတွင် စွန့်ပစ်အမှိုက်များ သိမ်းဆည်းရှင်းလင်းနေမှု၊ ရေဆိုးစွန့်ပစ်ပိုက်လိုင်းများ ထားရှိဆောင်ရွက်မှု လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန ဒလမြို့နယ် ကျန်စစ်သားရပ်ကွက်ရှိ နောက်ဆုံး စွန့်ပစ် အမှိုက်ပုံ၌ ဆောင်ရွက်လျက်ရှိသော  ရေဆိုးဆင်းပိုက်လိုင်းတပ်ဆင်ပြီးစီးမှုလုပ်ငန်း၊ ဂတ်စ်ပိုက်လိုင်း (အပူငွေ့) ထောင်ခြင်းလုပ်ငန်းနှင့် အမှိုက်ပုံအဝင်လမ်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများကို အသီးသီး ရှင်းလင်း တင်ပြခဲ့ရာ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး က လိုအပ်သည်များကို မှာကြားခဲ့သည်။

ထို့နောက် ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး နှင့် တာဝန်ရှိသူများသည် ဒလမြို့နယ် ဗညားဒလရပ်ကွက်ရှိ ဒလ-တွံတေးကားလမ်းမနှင့် ကနောင်လမ်းမကြီးထိပ်နေရာ၌ တည်ဆောက်ထားရှိသော အောက်ဆီဂျင်ထုတ်စက် စတင်လည်ပတ်ဖြန့်ဖြူးပေးနေမှုလုပ်ငန်းများကို ကြည့်ရှုခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစည်သူကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အောက်ဆီဂျင်ထုတ်စက် ဖြစ်မြောက်ရေးနှင့်ဖြန့်ဖြူးရေးကော်မတီအဖွဲ့ ဥက္ကဌ ဦးဆွေဦးနှင့် အဖွဲ့ဝင်များက အောက်ဆီဂျင်ထုတ်စက်တပ်ဆင်ပြီးစီး၍ လည်ပတ်ဆောင်ရွက်နေမှုနှင့် ဖြန့်ဖြူးပေးနေမှုအခြေအနေ များကို ရှင်းလင်းတင်ပြခဲ့ကြောင်းသိရသည်။

အဆိုပါ အောက်ဆီဂျင်ထုတ်စက်ရုံရှိ Oxygen Plan စက်မှာ တစ်နာရီလျှင် လီတာ ၄၀ ဆံ အောက်ဆီဂျင် ဆလင်ဒါအိုးပေါင်း ၅ လုံး ထုတ်လုပ်ပေးနိုင်မည်ဖြစ်ပြီး၊ အောက်ဆီဂျင်ထုတ်စက်အား တော်ဝင်ဒီပါကုမ္ပဏီမှ မတည်လှူဒါန်းမှုနှင့်    စေတနာရှင်များမှ စုပေါင်းလှူဒါန်းငွေများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီး လျက်ရှိရာ၊ မြို့နယ်အတွင်း   ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၊   မြို့နယ်ပြည်သူ့ဆေးရုံ၊ လူမှုကူညီရေး အဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများ၏ အောက်ဆီဂျင် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။           

နိုင်လင်းကျော်(IPRD)