ဂန့်ဂေါ စက်တင်ဘာ ၄
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm အမျိုးအစားထိုးနှံထားသူများကို ဒုတိယအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီတွင် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မိုးလုံလေလုံအားကစားကွင်း၌ ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးရာတွင် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီ၏ ကြီးကြပ်မှုဖြင့် ထိုးနှံပေးခြင်း ဖြစ်သည်။ မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်နှင့်အထက်သက်ကြီးဘိုးဘွားများနှင့် ပြည်သူများအား Sinopharm အမျိုးအစား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ်အဖြစ် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးသည် တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ဆေးအမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးလျှင် လူ(၅)ဦး ထိုးနှံနိုင်မည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ ပထမအကြိမ် လာရောက်ထိုးနှံသည့် လူဦးရေ(၄၁၀၀)ကို ယနေ့မှ စက်တင်ဘာ ၁၁ ရက်နေ့အထိ ဆက်လက် ထိုးနှံပေးမည်ဖြစ်ကြောင်း သိရှိရသည်။
ထင်အောင်နိုင်