ပွင့်ဖြူ စက်တင်ဘာ ၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေဖြင့် မိုးစပါးသီးနှံ စိုက်ပျိုးခြင်းအား သတ်မှတ်လျာ ထားဧက ပြည့်မီရေးအတွက် ကြိုးပမ်းစိုက်ပျိုးလျက်ရှိရာ ယနေ့အထိ မိုးစပါးသီးနှံ ၆၈၆၀၀ ဧက စိုက်ပျိုးပြီးစီးသွားပြီ ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှိုင်မြင့် ထံက သိရသည်။
ပွင့်ဖြူမြို့နယ်သည် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၅)မြို့နယ်တွင် နှစ်စဉ် စပါးသီးနှံစိုက်ပျိုးမှု အများဆုံးဖြစ် သည့် မြို့နယ်တစ်ခုဖြစ်ကာ ဒေသခံပြည်သူများက မဲဇလီရေလွှဲဆည်ရေဖြင့် (နွေ၊ မိုး၊ ဆောင်း) သုံးရာသီ သီးနှံစိုက်ပျိုးရေးလုပ်ငန်းကို အဓိကအားထား စိုက်ပျိုး လုပ်ကိုင်ကြကြောင်း သိရသည်။ သီးနှံများစိုက်ပျိုးရာတွင် တောင်သူများ စိုက်ပျိုးရေ အခက်အခဲမဖြစ်စေရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့မှ တစ်ဆင့် ရာသီအလိုက် စိုက်ပျိုးရေအား စနစ်တကျ ဖြန့်ဝေပေးသည့်အတွက် တောင်သူများအနေဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်ကဏ္ဍ အောင်မြင်ဖြစ်ထွန်း လျက်ရှိ ကြောင်း သိရသည်။
ယခုနှစ်တွင်လည်း မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများက မိုးသီးနှံစိုက်ပျိုးရာသီတွင် သတ်မှတ်လျာထားဧက ပြည့်မီရေးအတွက် ကောက်စိုက်စက်များ အသုံးပြု၍လည်းကောင်း၊ ကောက်စိုက်အလုပ်သမားများ ငှားရမ်း၍ လည်းကောင်း အားသွန်ခွန်စိုက် ကြိုးပမ်းစိုက်ပျိုး ဆောင်ရွက်လျက်ရှိကြောင်း သိရပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများကလည်း သီးနှံအထွက်နှုန်းတိုးပွားရေးအတွက် လိုအပ်သော စိုက်ပျိုးရေးနည်းစနစ်များနှင့် သွင်းအားစုပစ္စည်းများ ထောက်ပံ့ကူညီပေးခြင်း၊ ပိုးမွှားရောဂါကြိုတင်ကာကွယ်ရေး ဆောင်ရွက်ရန် နည်းလမ်း များအား အသိပညာပေးခြင်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးလှိုင်မြင့်၏ အနီးကပ်ကြီးကြပ်မှုဖြင့် နယ်မြေကွင်းဆင်းပြီး ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ယခု ၂၀၂၁ - ၂၀၂၂ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် မဲဇလီရေလွှဲဆည်ရေကို အမှီပြု၍ မိုးစပါးသီးနှံဧက ၆၈၇၈၃ ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ရာ ယနေ့အထိ မိုးစပါးသီးနှံဧက ၆၈၆၀၀ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း သိရပြီး တစ်မြို့နယ်လုံးအနေဖြင့် မိုးစပါးသီးနှံနှင့် အခြားသီးနှံစိုက်ပျိုးမှု လျာထားဧက အနေဖြင့် ၉၀၉၈၇ ဧက လျာထားရှိရာ ၉၂၇၃၂ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း၊ ထို့အပြင် အခြားသီးနှံရိတ်သိမ်း ပြီးစီးမှုဧကအနေဖြင့် ဖူးစားပြောင်းသီးနှံ ၂၁၀ ဧက ၊ ပဲတီစိမ်းသီးနှံ ၃၀၄၆ ဧက၊ မြေပဲ ၂၀ ဧက၊ နှမ်းသီးနှံ ၁၈၉၅ ဧက၊ ကွမ်းသီးနှံ ၁၂ ဧက၊ ငှက်ပျောသီးနှံ ၈၆ ဧက၊ ဟင်းသီးဟင်းရွက်သီးနှံ ၆၅ ဧက၊ ကျွဲနွားတိရစ္ဆာန်အစာ ၄၅၀ ဧက၊ အခြားစားသုံးခြင်း မပြုသီးနှံ ၈၂ ဧက ရိတ်သိမ်းပြီးဖြစ်ကြောင်း သိရသည်။ စိုက်ပျိုးရန်ကျန်ရှိသည့် မိုးစပါးသီးနှံနှင့် အခြားသီးနှံများကိုလည်း သတ်မှတ်လျာထား ဧက ပြည့်မီရေးအတွက် တောင်သူများက အားသွန်ခွန်စိုက် ကြိုးပမ်းလုပ်ကိုင်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှိုင်မြင့်ထံမှ သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )