ပင်လည်ဘူးမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများအား ဒုတိအကြိမ် ဆက်လက်ထိုးနှံပေး

ပင်လည်ဘူး  စက်တင်ဘာ  ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့၌  မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများမှ ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်တွင်  ပင်လည်ဘူးမြို့ အ-ထ-က ဦးအောင်မြတ်ခန်းမတွင် ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးများကို မြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော်များနှင့်သီလရှင်များ၊ အသက်(၆၅)နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၊ အသင်းအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ဦးစားပေးအဆင့်အလိုက် ဦးတည်အုပ်စုများ ခွဲ၍ ထိုးနှံပေးလျက်ရှိကြောင်း၊ ယခုဒုတိယအကြိမ်တွင် ဆေးအလုံးပေါင်း (၁၀၇၄)လုံး တို့ကို ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကာကွယ်ဆေးများထိုးနှံမှု အခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိန်သောင်းမှ အားပေးကြည့်ရှု၍ အခက်အခဲများမရှိစေရန်  လိုအပ်ချက် များအား မှာကြားဆောင်ရွက်ခဲ့ပြီး မြို့နယ် သက်ဆိုင်ရာ တာဝန်ရှိသူများက မြို့နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကာကွယ်ဆေး ထိုးနှံရာတွင် ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိ‌ကြောင်း သိရသည်။

မျိုးလွင်