ဝက်လက် စက်တင်ဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး၊ ပထမအကြိမ် ထိုးနှံပေးပြီးသူများကို ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးခြင်းလုပ်ငန်းကို စုရပ် ၃ ခုတွင် ယနေ့ နံနက် ၈ နာရီ မှ ညနေ ၃ နာရီ အထိ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရာတွင် ရဟန်းသံဃာများ၊ သီလရှင်များ၊ အသက် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ကိုဗစ်- ၁၉ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် ဆောင်ရွက်နေသော စေတနာ့ဝန်ထမ်းများ ၊ ဘိုးဘွားရိပ်သာမှ သက်ကြီးဘိုးဘွားများ ၊ ကာကွယ်ဆေး မထိုးရသေးသည့် နိုင်ငံ့ ဝန်ထမ်းများ ၊ စျေးရောင်းချသူများ၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများကို ထိုးနှံပေးကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများကို မြို့နယ်အဆင့် ကိုဗစ်- ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီမှ ဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များက ပူးပေါင်းကာ၊ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။
ဝက်လက်မြို့နယ် ကျန်းမာရေးဝန်ထမ်းများကလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက် ထိုးနှံသူများကို ကာကွယ်ဆေးမထိုးမီ လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများဖြစ်သည့် အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်းများ ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရောက်မှ ကာကွယ်ဆေးထိုးနှံပေးပြီး၊ ဆေးထိုးပြီးသူများကိုလည်း မိနစ် ၃၀ အနားယူစေခြင်းများဆောင်ရွက်ပြီး၊ ယခင် သြဂုတ်လ ၄ ရက်နေ့က ပထမအကြိမ် ထိုးနှံပေးပြီးသူများကို ယနေ့တွင် ဒုတိယအကြိမ် ထိုးနှံပေးခြင်းဖြစ်ရာ၊ စက်တင်ဘာလ ၃ ရက်နေ့နှင့် ၄ ရက်နေ့များတွင် ဒုတိယအကြိမ်အဖြစ် လူဦးရေ စုစုပေါင်း ၂၀၀၀ ဦးကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
စိုးစိုးလှိုင်