တောင်တွင်းကြီး၊ စက်တင်ဘာ ၄
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပူးပေါင်းအဖွဲ့က ရွေ့လျားယာဉ်ဖြင့်အခမဲ့ ကိုဗစ်-၁၉ရောဂါစစ်ဆေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက တောင်တွင်းကြီးမြို့နယ် အတွင်းရှိကျေးရွာများမှ ဒေသခံကျေးလက်နေပြည်သူများ ကိုဗစ်- ၁၉ ရောဂါ ကင်းဝေးစေရေး RDT (Test Kits)ဖြင့် ရောဂါရှာဖွေစစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရွေ့လျားစစ်ဆေးယာဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါရှာဖွေစစ်ဆေးခြင်းလုပ်ငန်းများ ဆောင် ရွက်ပေးရာသို့ ကျေးရွာများရှိအနံ့မရှိသူနှင့် ဖျားနာနေသူ (၁၀၁)ဦး လာရောက် စစ်ဆေးမှု ခံယူခဲ့ရာ ကျန်းမာရေးဝန်ထမ်းများပူးပေါင်းစစ်ဆေးရေးအဖွဲ့က ရောဂါပိုးရှိ / မရှိ RDT (Test Kits) ဖြင့် ရှာဖွေစစ်ဆေးခဲ့ရာ (၃၅)ဦး ကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပြီး ကျန်(၆၆)ဦးမှာ ရောဂါပိုး မတွေ့ရှိရကြောင်း သိရပြီး ပိုးတွေ့လူနာ(၃၅)ဦးအား မြို့နယ်ပြည်သူ့ဆေးရုံသို့ ဆေးဝါးကုသမူခံယူရန် ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
ကျေးရွာနေပြည်သူများအား ရွေ့လျားယာဉ်ဖြင့် ရောဂါရှာဖွေစစ်ဆေး ဆောင်ရွက်ပေးနေမှုအား ယမန်နေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါအန္တရာယ်အား ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ရွေ့လျားစစ်ဆေးရေးယာဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှာဖွေစစ်ဆေးပေးခြင်းလုပ်ငန်းကို ကျန်ရှိသည့်ကျေးရွာများကိုလည်း ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း နှင့် ကျန်းမာရေးစစ်ဆေးလိုသော ပြည်သူများအနေဖြင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့် ချိတ်ဆက်၍လာရောက်စစ်ဆေးမှုခံယူနိုင်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းအောင်ထွေး ထံမှသိရသည်။
မြို့နယ်(ပြန်/ဆက်)