ပုဏ္ဏားကျွန်း စက်တင်ဘာ ၃
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ စက်မှုဇုံ တိုက်ပွဲရှောင် ကယ်ဆယ်ရေးစခန်း၌ ခိုလှုံလျက်ရှိသော အသက်(၁၈)နှစ်နှင့်အထက် နေရပ်စွန့်ခွာပြည်သူများအား တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် Sinopharm အမှတ်တံဆပ် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံခြင်းကို ယနေ့ နံနက်(၉)နာရီမှ ညနေ(၄)နာရီ အထိ၊ ရေဖြူကန်ကျေးရွာ၊ မူလတန်းလွန်ကျောင်းတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေး ထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌဦးဇော်သိန်းနှင့် အဖွဲ့ဝင်များကြီးကြပ်၍ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်စစ်ထွန်း ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ Volunteer စေတနာ့ဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ပေးပြီး၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် နေရပ်စွန့်ခွာခိုလှုံလျက်ရှိသော အသက်(၁၈)နှစ်နှင့်အထက် ပြည်သူ(၃၅၂)ဦးတို့ကို ထိုးနှံပေးနိုင်ခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ်ရှိ စက်မှုဇုံကွင်း တိုက်ပွဲရှောင် ကယ်ဆယ်ရေးစခန်းတွင် သာစည်ကျေးရွာနှင့် ကျောက်ဆိပ်ကျေးရွာတို့မှ အိမ်ထောင်စု(၁၈၀)စု၊ လူဦးရေ(၇၃၀)ဦးတို့ နေရပ်စွန့်ခွာ ခိုလှုံလျက်ရှိပြီး၊ အသက်(၁၈)နှစ်နှင့်အထက်ရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရမည့် ပြည်သူ(၄၀၀)ဦး ရှိကြောင်း သာစည် ကျေးရွာမှ စခန်းတာဝန်ခံ ဦးသန်းရွှေထံမှ သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)