မာန်အောင် စက်တင်ဘာ ၃
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမကြိမ်ထိုးနှံခဲ့သူများကို ယနေ့ နံနက် ၁၀ နာရီမှ နေ့လယ် ၁၂ နာရီထိ လည်းကောင်း၊ မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီထိ လည်းကောင်း၊ အချိန်သတ်မှတ်ကာ မြို့နယ်ပြည်သူ့ဆေးရုံ(ဟောင်း)နေရာ၌ သတ်မှတ်ထားသည့် နေ့ရက်အလိုက် ဒုတိယအကြိမ် စတင်ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံရာတွင် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသည့် သက်ကြီးဘိုးဘွားများအား သတ်မှတ်နေရာများသို့ လိုက်ပါပို့ဆောင်ပေးခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက နှာခေါင်းစည်း(Msak)များ အခမဲ့ဖြန့်ဝေပေးခြင်း၊ လက်သန့်ဆးရည်များဖြင့် လက်သန့်စင်ပေးခြင်း၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမျာက ကာကွယ်ဆေးထိုးနှံမှတ်တမ်း ကောက်ယူပေးခြင်း၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးပြီး ပုံမှန်အခြေအနေရှိသူများသာ ကာကွယ်ဆေးများကို ထိုးနှံပေး လျက်ရှိသည်။
ယင်းသို့ ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးရွှေလှအောင်နှင့် အဖွဲ့ဝင်ဖြစ်သည့် ဗိုလ်မှူးသူရိန်စိုး၊ ဦးကျော်မြတို့က ကာကွယ်ဆေးထိုးနှံရန် ရောက်ရှိလာသူ ဘိုးဘွားများအား ကြည့်ရှုအားပေး စကားပြောကြားခဲ့သည်။
မာန်အောင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ကို ပထမအကြိမ်အဖြစ် ဆေးတစ်လုံး(၂)ယောက်နှုန်းဖြင့် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဦးစားပေးအုပ်စုတွင် ပါဝင်သူ(၁၉၉၈)ဦးတို့အား သြဂုတ်လ(၃) ရက်နေ့တွင် စတင်ထိုးနှံပေးထားပြီးဖြစ်ကာ ဒုတိယအကြိမ် အဖြစ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(COVIL) ကို ဆေးတစ်လုံး(၅)ယောက်နှုန်းဖြင့် သတ်မှတ်ဆေးထိုးရက်ပြည့်မီသူ မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ကန်းနားရပ်ကွက်၊ မြို့သစ်ရပ်ကွက်နှင့် ရန်အောင်မြင်ရပ်ကွက်များမှ သက်ကြီးဘိုးဘွား(၆၅)ဦးအား ထိုးနှံပေးလျက်ရှိကြောင်း သိရှိရပြီး ကျန်ရှိ ကာကွယ်ဆေး ထိုးနှံသတ်မှတ်ရက် ပြည့်မီသူများကိုလည်း ရက်အလိုက် ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)