ကန့်ဘလူမြို့၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး

ကန့်ဘလူ စက်တက်ဘာ ၃

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ ခုတင် ၁၀၀ ပြည်သူ့ဆေးရုံ၌  ယနေ့နံနက် ၈ နာရီ မှစတင်၍ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများနှင့်  ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကာကွယ်ဆေးလာရောက်ထိုးနှံသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကိုဗစ်- ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ သတ်မှတ်နေရာများတွင် နေစေပြီး နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်း ၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်းအောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ စာရင်း မှတ်တမ်းများ ရေးသွင်းခြင်းတို့ကို ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျဆောင်ရွက်ပေးပြီး ခုတင် ၁၀၀ ဆေးရုံအုပ် ဒေါက်တာနေမိုး ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးများ ထိုးနှံပေးကြသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ အသက် ၁၈ နှစ်အထက် ဆရာတော် သံဃာတော်များ၊ သီလရှင်ဆရာလေးများ၊ အစိုးရ /ပုဂ္ဂလိက ဝန်ထမ်းများ၊ ပရဟိတ ဆောင်ရွက်နေသူများ စုစုပေါင်း ၄၇၂ ဦးကို ထိုးနှံပေးမည်ဖြစ်ကြောင်းနှင့် ယခု ဒုတိယအကြိမ် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံသူများသည် ပြီးခဲ့သည့် ဩဂုတ် ၃ ရက်က ပထမအကြိမ် ထိုးနှံပေးခဲ့သူများဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)