ပွင့်ဖြူမြို့နယ် မဲဇလီဆည်အတွင်း ငါးသယံဇာတဖူလုံစေရေးအတွက် ငါးမျိုးစိတ်ကောင်ရေ(၂)သိန်း စိုက်ထည့်

ပွင့်ဖြူ       စက်တင်ဘာ       ၃

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနက ပြည်သူများ ငါးသယံဇာတများ ရေရှည်စဉ်ဆက်မပြတ် ပေါကြွယ်ဝစေရန်၊ ငါးမျိုးပြုန်းတီးမှု လျော့ပါးစေရန်နှင့် ဒေသခံပြည်သူများ ငါးစားသုံးမှု ဖူလုံစေရန် ရည်ရွယ်၍  တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ယနေ့ နံနက် ၈ နာရီခွဲက ပွင့်ဖြူမြို့နယ် မဲဇလီဆည်အတွင်း ငါးမျိုးစိတ်ကောင်ရေ(၂)သိန်းအား စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ငါးမျိုးစိတ်စိုက်ထည့်ပွဲ အခမ်းအနားသို့ ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်မြတ်ခိုင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ ၊ မင်းဘူးခရိုင်ငါးလုပ်ငန်းဦးစီးဌာန တာဝန်ခံ/ ပွင့်ဖြူမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးသိန်းကိုကိုထွန်းနှင့် ဝန်ထမ်းများ ၊ မြို့နယ်ငါးသားဖောက်စခန်းတာဝန်ခံ ဦးစိုးလှိုင်နှင့် ဝန်ထမ်းများ ၊ မဲဇလီကျေးရွာနှင့် ဆည်တော်ကျေးရွာတို့မှ ဒေသခံ ရေလုပ်သားများ တက်ရောက်ကြပြီး မဲဇလီဆည်အတွင်း ငါးသယံဇာတဖူလုံစေရေးအတွက် ငါးခုံးမကြီးကောင်ရေ(၅)သောင်း ၊ ငါးမြစ်ချင်းကောင်ရေ(၁)သိန်းခွဲ ၊ စုစုပေါင်း ငါးမျိုးစိတ်ကောင်ရေ(၂)သိန်းအား စုပေါင်းစိုက်ထည့်ပေးခဲ့ကြသည်။

 

ပွင့်ဖြူမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ ငါးစားသုံးမှု ဖူလုံစေရန်နှင့် ငါးသယံဇာတများ ရေရှည်ဖွံ့ဖြိုး တိုးတက်စေရေးအတွက် တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် နှစ်စဉ် မြို့နယ်အတွင်းရှိ မြစ်/ချောင်းနှင့် ဆည်တမံ များ ၊ စပါးစိုက်လယ်မြေများအတွင်း ငါးမျိုးစိတ်များစိုက်ထည့်ပေးခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး မြို့နယ်ငါးသားဖောက်စခန်းမှလည်း ဒေသခံရေလုပ်သားများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တစ်ပိုင်တစ်နိုင် ငါးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်ရေး ရွှေဝါငါးကြင်း ၊ ငါးခုံးမကြီး ၊ ငါးမြစ်ချင်း စသည့် ငါးမျိုးစိတ်များကို မွေးမြူထုတ်လုပ်ကာ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးလျက် ရှိကြောင်း ပွင့်ဖြူမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးသိန်းကိုကိုထွန်း ထံမှ သိရသည်။  

 

ရဲဝင်းနိုင် ( ညောင်ဦး )