ရသေ့တောင် စက်တင်ဘာ 3
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူ အသက် (၆၅)နှစ် နှင့်အထက် သက်ကြီးရွယ်အိုများ၊ ရဟန်းသံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းနှင့်ဝန်ထမ်းမိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် ဦးစားပေးအုပ်စုတွင်ပါဝင်သူများအား ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို သြဂုတ် ၂၉ ရက်နေ့မှစ၍ သတ်မှတ်စုရပ်အသီးသီးတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာ နေထိုင်စေခြင်း၊ နှာခေါင်းစည်း(Mask)များ တပ်ဆင်စေခြင်း၊ ကာကွယ်ဆေးမထိုးမီ ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်း၊ အောက်ဆီဂျင်တိုင်းခြင်း၊ အချက်အလက်များ မှန်ကန်စွာရှိစေရေး စာရင်းရေးသွင်းခြင်းစသည့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ကာကွယ်ဆေးထိုးပြီး မိနစ်(၃၀)ခန့် နားနေပြီးမှ ပြန်လည်ထွက်ခွာခွင့်ပြုကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းအား မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် စက်တင်ဘာ 2 ရက်နေ့ထိ မြို့နယ်အတွင်း သတ်မှတ်စုရပ်များဖြစ်သည့် မြို့မစုရပ်တွင် (608)ဦး၊ စေတီပြင်စုရပ်တွင် (၃23)ဦး၊ ကူတောင်စုရပ်တွင်(၄၀၀)ဦး၊ လောင်းချောင်းစုရပ်တွင်(၄၀၀)ဦးနှင့် ဘာထလေစုရပ်တွင်(243)ဦး စုစုပေါင်း(197၃)ဦးတို့အား ထိုးနှံပေးခဲ့ပြီးဖြစ်သည်။
ရသေ့တောင်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးစီးခဲ့သည့် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီး ရွယ်အိုများ၊ ရဟန်းသံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းနှင့်ဝန်ထမ်းမိသားစုဝင်များ၊ စေတနာ့ ဝန်ထမ်းများနှင့် ဦးစားပေးအုပ်စုတွင် ပါဝင်သူ(၄၇၁၂)ဦးရှိပြီး ဒုတိယအကြိမ် ကာကွယ်ဆေးအား သတ်မှတ်နေ့ရက်အလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကာ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် စေတနာ့ ဝန်ထမ်းများက လိုအပ်သည်များကို ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်စံထွန်း