ရှားတော စက်တင်ဘာ ၃
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ် ပြည်သူ့ဆေးရုံတွင် အသက်(၆၅) နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ ဘာသာရေး ဆိုင်ရာပုဂ္ဂိုလ်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို စက်တင်ဘာလ(၁)ရက်နေ့မှ စတင်၍ ယနေ့တွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ရှားတောမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သားဖွားဆရာမ ဒေါ်စုမွန်ကျော်နှင့် ကျန်းမာရေးဝန်ထမ်းများက ဦးဆောင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်တွင် ထိုးနှံပြီး၍ ဒုတိယအကြိမ်တွင် ဆက်လက် ထိုးနှံရန် ကျန်ရှိသော အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်များ၊ စေတနာ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်း များနှင့် ဝန်ထမ်းမိသားစုဝင်များအား ဆက်လက်ထိုးနှံပေးလျက်ရှိရာ လာရောက်ထိုးနှံကြသည့် ပြည်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်းချိန် တိုင်းတာခြင်း၊ ဆီးချို၊ သွေးချိုရောဂါများအား စစ်ဆေးပေးခြင်းများ ပြုလုပ်၍ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်ကျော်နှင့် ဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းများနှင့် မြို့နယ်ကြက်ခြေနီအဖွဲ့ဝင်များက ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)